မြဝတီနယ်စပ်မှာ ထိုင်းဖုန်းနဲ့ အင်တာနက်လိုင်းသုံးစွဲသူတွေကို စောင့်ကြည့်ပြီး ကာစီနို စတဲ့ အွန်လိုင်းဒုစရိုက်မှုတွေနဲ့ ပတ်သက်ရင် ထိုင်းဘက်က ဖြတ်တောက်သွားမယ်လို့ မဲဆောက်မြို့ကို ရောက်နေတဲ့ ထိုင်း ဒု ရဲချုပ်က ပြောပါတယ်။
ဇူလိုင် ၇ ရက်မှာ စတင်ခဲ့တဲ့ ထိုင်း ဒု ရဲချုပ် ဒုဗိုလ်ချုပ်ကြီး ဆူရာချက် ဟက်က်ပါန် ရဲ့ မဲဆောက်မြို့နယ် နယ်စပ်ခရီးစဉ်အတွင်း မြန်မာဘက်ခြမ်း မြဝတီမြို့နယ်က အွန်လိုင်း ကာစီနိုနဲ့ လောင်းကစား ပြုလုပ်ကြတဲ့ ထိုင်းလူမျိုးတွေကို လိမ်လည်တဲ့ နည်းစနစ်၊ လောင်းကစားဆက်သွယ်ရေး ဖုန်း၊ အင်တာနက်လိုင်းတွေကို ပိတ်သိမ်းတော့မယ်လို့ ပြောလိုက်တာပါ။
လောင်းကစားတွေ၊ ကာစီနိုရုံတွေမှာအသုံးပြုတဲ့ ထိုင်းကုန်ကြမ်းတွေကိုလည်း တားဆီးသွားမှာဖြစ်ပြီး ထိုင်းလူငယ်တွေ မြန်မာဘက်ကို တရားမဝင် သွားရောက်အလုပ်လုပ်တာ၊ လိမ်ညာ ခေါ်ဆောင်တာတွေကိုလည်း နည်းပါးအောင် တားဆီးသွားမယ်လို့ ဆိုပါတယ်။
ပြီးတော့ လာမယ့်ရက်ပိုင်းမှာ KNU စတဲ့ မြန်မာ - ထိုင်း နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တချို့နဲ့ တွေ့ဆုံပြီး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို နှစ်နိုင်ငံ ပူးပေါင်း တားဆီးနှိမ်နင်းရေးတွေ ဆွေးနွေးမယ်လို့ ရဲချုပ်က ပြောပါတယ်။
အထူးသဖြင့် မြန်မာထိုင်းနယ်စပ် တာခ်ရိုင်မဲဆောက်မြို့အနီး နယ်စပ်မှာ လောင်းကစားနဲ့ လိမ်လည်သူ တရုတ် ရာဇဝတ်ဂိုဏ်းတွေကို ဦးဆောင်ရာ မလေးရှား၊ လာအိုနဲ့ ထိုင်းအပါအဝင် နိုင်ငံပေါင်း ၁၀ ခုနီးပါးက ဒုစရိုက်ခေါင်းဆောင်တွေဟာ မြဝတီခရိုင်မြောက်နဲ့တောင်ဘက်တွေမှာ အဆောက်အဦကြီးတွေဆောက်လုပ်ပြီး ဒုစရိုက်လုပ်ငန်းတွေ လုပ်ဆောင်နေကြတယ်လို့ ထိုင်း ဒုရဲချုပ်က ပြောဆိုသွားပါတယ်။