ကမ္ဘာ့ ပျမ်းမျှအပူချိန်ဟာ အခုသီတင်းပတ်မှာ ၃ ရက်ဆက်တိုက် မကြုံစဖူး မြင့်မားခဲ့ပြီး အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တို့က ၁၇ ဒသမ ၁၈ ဒီဂရီ စင်တီဂရိတ်ထိ ရှိခဲ့တယ်လို့ ရာသီဥတုခြေရာခံ အေဂျင်စီတွေက ဆယ်စုနှစ်ချီ စုဆောင်းခွဲခြမ်းစိတ်ဖြာထားတဲ့ ဒေတာတွေအရ သိရပါတယ်။
ကမ္ဘာမြေဟာ တနင်္လာနေ့မှာ ၁၇ ဒသမ ၀၁ ဒီဂရီ စင်တီဂရိတ်နဲ့ အပူဆုံးနေ့အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဒီအပူချိန်ဟာ ၁၉၇၉ ခုနှစ်ကနေ ပြန်တွက်ချက်ကြည့်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သဘာဝပတ်ဝန်းကျင်ခန့်မှန်းချက်ဆိုင်ရာ အမျိုးသားဗဟိုဌာနရဲ့ အချက်အလက်မှာ အမြင့်ဆုံး ဖြစ်ပါတယ်။
အင်္ဂါနေ့မှာ အပူချိန်ဟာ ၁၇ ဒသမ ၁၈ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာလည်း စံချိန်တင်အမြင့်ဆုံးအဖြစ် ဆက်တည်ရှိနေခဲ့တာဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုရှိ မိန်းန် တက္ကသိုလ်ရဲ့ ကမ္ဘာ့ရာသီဥတု တိုင်းတာရေးကိရိယာအရ သိရပါတယ်။
ကမ္ဘာတဝန်းကလူတွေဟာ ရာသီဥတုအကျပ်အတည်းကြောင့် ပင်ပန်းနွမ်းနယ်မှုကို ခံစားနေကြရပြီး အမေရိကန်က လူ ၃၈ သန်းလောက်ဟာ ဗုဒ္ဓဟူးနေ့က အလွန်အမင်း ပူပြင်းလှတဲ့ အပူရှိန် သတိပေးချက်အောက်မှာ ရှိနေခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ အပူလွန်ကဲနေချိန်မှာ လက်ရှိ ဆောင်းရာသီ ကျရောက်နေတဲ့ အန္တာတိကတိုက်မှာလည်း ပုံမှန်မဟုတ်တဲ့ အပူချိန်မြင့်မားမှုကို ကြုံနေရပါတယ်။
ရာသီဥတုပြောင်းလဲမှုနဲ့ အယ်နီညိုရာသီဥတု ပေါင်းစပ်မှုကြောင့် ကမ္ဘာတဝန်း ပြင်းထန်တဲ့ အပူလှိုင်းတွေ ဖြစ်ပေါ်နေပြီး ရာသီဥတုဖောက်ပြန်မှုတွေ ဆက်ဖြစ်ပေါ်နေတာကြောင့် ပြင်းထန်တဲ့ ရာသီဥတုလည်း ပိုအဖြစ်များလာမယ် လို့ ပညာရှင်တွေက သတိပေးထားပါတယ်။
Source-Reuters