မွန်ပြည်နယ် သထုံမြို့နယ်၊ ရွှေရောင်ပြကျေးရွာတွင်းကို ဇူလိုင် ၇ ရက် မနက် ၁၁ နာရီလောက်က အမှတ် ၃၁၄ အမြောက်တပ်ရင်းကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ကလေးငယ် ၂ ယောက် အပါအဝင် ဒေသခံ ၆ ယောက် ထိမှန်ဒဏ်ရာရခဲ့တဲ့အပြင် နေအိမ် ၃ လုံးထိမှန်ပျက်စီးခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။
ရွှေရောင်ပြကျေးရွာကို လက်နက်ကြီကျည် ၃ လုံးပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း ၁ လုံး ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် နော်မုလားဖေ (၅၆ နှစ်)ရဲ့ ညာဘက်ခြေသလုံး၊ နော်မိထူး (၁၈ နှစ်) ကျောကုန်း၊ နော်တင်အေး (၅၇ နှစ်) တင်ပါး၊ စောကူ (၂၅ နှစ်) ညာလက်မောင်း၊ စောစင်မင်းဦး (၅ နှစ်)ခြေသလုံးနဲ့ လည်ပင်း၊ နော်သင်္ကြန်ဖော (၉ နှစ်)ရဲ့ နားထင် ထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ရွှေရောင်ပြကျေးရွာသားတယောက်က "စစ်တပ်က လက်နက်ကြီးက နေ့တိုင်းနီးပါး ပစ်တယ်။ အခုဆိုရင် ရွာမှာ အလုပ်ကောင်းကောင်း မလုပ်ရဘူး။ အိပ်လည်း ကောင်းကောင်း မအိပ်ရဘူး။ ဒုက္ခတွေလည်း အမျိုးမျိုးရောက်ရတယ်။ ကျနော်တို့ အေးချမ်းချမ်းနေချင်ပြီ"လို့ ပြောပါတယ်။
အမှတ် ၃၁၄ အမြောက်တပ်ရင်းဟာ ရွှေရောင်ပြကျေးရွာအုပ်စု၊ ဇီးဝန်းကျေးရွာအနောက်နားမှာ တပ်စွဲထားပြီး ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ဇူလိုင် ၇ ရက်က စစ်ကောင်စီစစ်ကြောင်းဟာ ဘီးလင်းမြို့ကနေ့ မဲပလီကျေးရွာ လမ်းကြောင်းအတိုင်း တပ်မဟာ ၅ နယ်မြေ မဲဝိုင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလှုပ်ရှားဖို့ ဝင်ရောက်သွားခဲ့တယ်လို့ ဘီးလင်းမြို့နယ်သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။