(က)
ကဗျာဆရာတွေဟာ အနာဂတံကို ဘာသာပြန်နိုင်ဖို့ ကြိုးစားကြသူတွေပါ။ ကွယ်လွန်သူ ကဗျာဆရာ ဇော်(ပျဉ်းမနား) က သူ့ကဗျာတပုဒ်ထဲမှာ ကဗျာဆရာတွေဟာ ‘အနာဂတံကို ဘာသာပြန်တဲ့ငှက်’ ဆိုပြီး ရေးခဲ့ဖူးတာပဲ။
ကဗျာဆရာတွေက အနာဂတံကို ကြိုပြီးမြင်၊ ကြိုပြီးပြောတဲ့အခါ ပစ္စုပ္ပန်ကို အခြေခံပြီးမှ ပြောနိုင်တာပါ။ ကျနော်တို့မြန်မာတွေ ယုံကြည်တဲ့ ‘ကံ ကံ၏အကျိုး’ ဆိုတဲ့ ယုံကြည်မှုမျိုးကို အခြေခံပြီးမှ ပြောဖို့ ကြိုးစားကြတာပါ။ သမ္မာကျမ်းစာလာ ‘လေကိုစိုက်ပျိုးသဖြင့် မုန်တိုင်းကို ရိတ်သိမ်းရလိမ့်မည်’ ဆိုတဲ့စကားနဲ့ အတူတူပါပဲ။
ကျနော်တို့ဟာ ပစ္စုပ္ပန်ရဲ့ အကျဉ်းအကျပ်ထဲ ပိတ်မိနေတဲ့အခါမျိုးမှာ အနာဂတ်ကို ကြိုပြီးမြင်နိုင်ဖို့ ခက်ခဲတတ်ပါတယ်။ အမှောင်ထုအောက်မှာ လမ်းပျောက်နေတဲ့အတွက် ပန်းတိုင်က ဘယ်ဘက်မှာရှိတယ်ဆိုတာ မဝေခွဲတတ်တော့ဘူးပေါ့။ ဒီကြားထဲ မုန်တိုင်းကလည်းထန်၊ လှိုင်းကလည်း ကြီးပြီဆိုရင် ပုံမှန်အားဖြင့် ကိုယ့်ဘဝ ကိုယ့်ရပ်တည်ရေးကို ဦးစားပေး ဖက်တွယ်ထားရင်းက ကျနော်တို့တတွေ ဒီမုန်တိုင်း၊ ဒီရေလှိုင်း၊ ဒီအမှောင်ထုအောက်မှာ ကြေမွ ပျောက်ကွယ်ကြရပါတယ်။ လမ်းပျောက်ပြီး ကမ်းမှောက်ကြပါတယ်။
ကဗျာဆရာတွေက စိတ်အလုပ်လုပ်တဲ့နေရာမှာ တခြားသူထက် သာပါတယ်။ စိတ်ကို စုစည်းကျစ်လျစ်အောင် တည်ဆောက်ပြီး ပစ္စုပ္ပန်အပေါ် တင်ကြည့်တဲ့အခါ အနာဂတ်ကို ထိုးဖောက် ရောက်ရှိလာနိုင်တော့တာပေါ့။ ဒါကြောင့်မို့ ကဗျာဆရာတွေကြတော့ လမ်းမပျောက်နိုင်ဘူး၊ ကမ်းမမှောက်နိုင်ပါဘူး။ အမှောင်ထုထဲမှာ ကြောင်တွေ၊ လင်းနို့ငှက်တွေလို မြင်နိုင် သိနိုင်တယ်။ အဲဒါ စိတ်အလုပ်ကို ကျစ်သထက် ကျစ်အောင် ဖွဲ့စည်း တည်ဆောက်နိုင်လို့ပါပဲ။
ကဗျာဆရာတွေဆိုတာ စိတ်အလုပ်ကို စုစည်းတည်ဆောက်ကြရသူတွေပါ။ သူတို့က စိတ်အလုပ်ကို စုစည်းတည်ဆောက်လို့ အနာဂတ်ကို ကြိုပြီးမြင်တာနဲ့ တပြိုင်နက် ပစ္စုပ္ပန်မှာ ရင်ဆိုင်နေကြရတဲ့ အမှောင်ထုဆိုတာတို့၊ မုန်တိုင်းနဲ့ ရေလှိုင်း ဆိုတာတွေဟာ တကယ်တော့ ဘဝရဲ့ ‘မာယာ’ များသာ ဖြစ်တယ်လို့ တည့်တည့်ရှုမြင်နိုင်ကြတော့တာပဲပေါ့။ လူဟာ ‘မာယာ’ကို မာယာလို့သာ တကယ်ထွင်းဖောက်ပြီး မြင်နိုင်ပြီဆိုရင် သူဟာ ပြတ်သားတဲ့သူ၊ ယုံကြည်ချက် ကြီးမြင့်တဲ့သူ ဖြစ်လာတော့တာပဲပေါ့။
‘မာယာ’ ဆိုတာတွေကို အလွယ်တကူ တွန်းဖယ်လို့ ရနိုင်တဲ့ကိစ္စ၊ ‘မာယာ’ ဆိုတာ ‘စက္ကူကျား’၊ ‘မာယာ’ ဆိုတာ တံလျပ်တမျိုးပဲဆိုတာ ဒက်ထိကြီး သိလာတော့တာပဲပေါ့။ အဲဒီအခါကြတော့ ကဗျာဆရာတွေက ‘မာယာ’ ရဲ့ ပရိယာယ်ကို မယုံကြ၊ မကြောက်ကြဖို့၊ ‘မာယာ’ ရဲ့ ကွန်ရက်ကို ဖျက်ကြဖို့၊ ‘မာယာ’ ရဲ့ အပါးဆုံး၊ အပျော့ဆုံးနေရာကို ဖောက်ထွင်းကြဖို့ ကဗျာတွေနဲ့ နှိုးဆော်ကြတော့တာပဲပေါ့။ ပြီးတော့ အနာဂတ်ရဲ့ တေးသံတွေ၊ ရနံ့တွေကို ကဗျာပေါ်တင်ပြီး ကဗျာဖတ်သူတွေဆီ ပို့ကြတော့တာပဲပေါ့။
စိတ်ဝင်စားဖို့ကောင်းတာတခု ရှိပါသေးတယ်။ ကဗျာဆရာတွေဟာ ‘မာယာ’ တွေရဲ့ တကယ့် သဘောသကန်ကို ပေါ်အောင် ဖွင့်ချတဲ့အခါ၊ တနည်းအားဖြင့် ပြောရရင် ‘မာယာ’ ကို တိုက်တဲ့အခါ ‘မာယာ’ ဆိုတဲ့ လက်နက်အမျိုးအစားတမျိုးကိုပဲ အသုံးပြုကြရတဲ့အချက် ဖြစ်ပါတယ်။ ဒီအချက်ဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ကဗျာဆရာတွေဟာ ‘မာယာ’ ကို ‘မာယာ’ နဲ့ တိုက်ခိုက်ကြပါတယ်။ သူတို့ကိုင်စွဲတဲ့ ‘မာယာ’ လက်နက် ထက်မြရင် ထက်မြသလောက် သူတို့ရင်ဆိုင်တိုက်ခိုက်ကြတဲ့ ‘မာယာ’ ရဲ့ အကာအရံတွေ၊ အဆောင်အယောင်နဲ့ မြူတွေဟာ တလွှာချင်း ကွာကျပြီး တကယ်တော့ ကျနော်တို့ကို ခြိမ်းခြောက်ဖိစီးထားတဲ့ ‘မာယာ’ တွေဟာ ‘စက္ကူကျား’ တွေသာ ဖြစ်တယ်ဆိုတဲ့ ‘သစ္စာဉာဏ်’ ကို ကဗျာဖတ်သူတွေဆီ ရောက်အောင် ပို့နိုင်ကြပါတော့တယ်။
ကဗျာဖတ်သူဘက်က ယူရမယ့်တာဝန်ကတော့ ကဗျာဆရာကပေးတဲ့ ကဗျာမှာ ဘယ်လိုမာယာတွေနဲ့ ပေးလိုက်သလဲဆိုတဲ့ စိတ်အလုပ်ကို သာမန်ထက်ပိုပြီး လုပ်ဖို့လိုတဲ့ တာဝန် ဖြစ်ပါတယ်။
ကဗျာဆရာတွေက စိတ်ကို စုစည်းကျစ်လျစ်အောင် လုပ်ပြီးမှ ပို့ပေးလိုက်တဲ့ ကဗျာကို ကဗျာဖတ်သူကလည်း စိတ်ကို စုစည်းကျစ်လျစ်အောင် လုပ်ပြီးမှ လက်ခံရယူရပါလိမ့်မယ်။
(ခ)
ကျနော့်မှာ အနာဂတ်ကို ကြိုမြင်နိုင်တဲ့ ကဗျာတွေ စုဆောင်းထားတာ အများကြီးရှိပါတယ်။ အနာဂတံကို ဘာသာပြန်တဲ့ ကဗျာတွေ ဆိုပါတော့။ ဒါပေမဲ့ ဒီဆောင်းပါးမှာ မြန်မာကဗျာတွေကို ဥပမာပေးလို့ မဖြစ်နိုင်သေးတဲ့ အခြေအနေနဲ့ အချိန်ကာလဖြစ်တာမို့ အနာဂတံကို ဘာသာပြန်တဲ့သဘောရှိတဲ့ နိုင်ငံရပ်ခြားကဗျာတပုဒ်ကိုပဲ ကျနော် ရွေးချယ်ပြီး ဥပမာပေးလိုက်ပါတယ်။ ပိုလန်ကဗျာဆရာ ‘တိုမက် ယက်စထရွန်’ ရဲ့ ‘သစ်စေ့များ’ ကဗျာကို ကျနော် ဥပမာပေးလိုက်ပါတယ်။
ကဗျာဆရာ ‘တိုမက် ယက်စထရွန်’ ဆိုတာ ပိုလန်နိုင်ငံခေတ်သစ်သမိုင်း၊ မျိုးဆက်သစ်ခေတ်မှာ အင်မတန် အရေးပါလှတဲ့ ကဗျာဆရာပါ။ ပိုလန်အာဏာရှင်အစိုးရက သူ့ကိုဖမ်းပြီး ထောင်ချတာမျိုး၊ အလုပ်ကြမ်းစခန်းကို ပို့တာမျိုး အလုပ်ခံရတဲ့ ကဗျာဆရာပါ။
သူကလည်း မြေအောက် ‘သတင်းဂျာနယ်’ မှာ အယ်ဒီတာ၊ သင်္ဘောကျင်း အလုပ်သမားအရေးအခင်းမှာ ခေါင်းဆောင်၊ မြေအောက်ပုံနှိပ်လုပ်ငန်းတွေ တောက်လျှောက်လုပ်တဲ့ ‘နိုဝါ’ လှုပ်ရှားမှုမှာပါဝင်၊ သူ့ကဗျာစာအုပ်တချို့က တရားဝင်ပုံနှိပ်ခွင့်ရပြီး အများစုကတော့ မြေအောက်ပုံနှိပ်လုပ်ငန်းကတဆင့် လျှို့ဝှက်ပုံနှိပ် ဖြန့်ဝေခဲ့ရတာ များပါတယ်။ ၁၉၅၀ ခု၊ ဝါဆောမှာ မွေးတဲ့သူပါ။ အခုတော့ အာဏာရှင်စနစ် ပြိုကျသွားပြီးတဲ့ ပိုလန်နိုင်ငံမှာ အထင်ကရ ကဗျာဆရာပေါ့။
သစ်စေ့များ
ငှက်များ
ငါတို့ရဲ့ နက်ရှိုင်းလှတဲ့ ထွက်ပေါက်လမ်း
ပျံသန်းကြ
ထိတ်လန့်ကြရ
အတောင်ပံတွေဖြန့်ကြ ရုတ်ကြ။
ငှက်များ
အစာရှိရာ စင်္ကြံလမ်းပေါ်
ပျံသန်းကြ။
သေလုနီးပါး မောပန်း
ငါတို့ပခုံးတွေပေါ် နားကြ
ငတ်မွတ်ကြ။
ငါတို့လက်ထဲမှာတော့ ဗလာနတ္ထိ
ငါတို့ နှုတ်ခမ်းတွေပေါ်
ငါတို့ မျက်လုံးတွေထဲမှာပဲ
သစ်စေ့များ။
ဒီကဗျာမှာ ‘တိုမက် ယက်စထရွန်’ ပေးချင်တဲ့ massage က ဘာလဲ။ ပထမ ၃ ပိုဒ်ပြီးတဲ့အထိ သရုပ်ဖော်ပါပဲ။ ငှက်တွေဆိုတာ လူတွေကို ကိုယ်စားပြုပါတယ်။ ‘သစ်စေ့’ လို့ခေါ်တဲ့ လူတွေအတွက် အရေးအကြီးဆုံးအရာ၊ သူ့လက်ထဲမှာ ထင်သာမြင်သာမရှိဘူး။ ကြည့်တတ်ရင် မျက်လုံးတွေထဲမှာ၊ နှုတ်ခမ်းတွေပေါ်မှာပဲ ရှိတယ် ... တဲ့။ ‘သစ်စေ့’ ဆိုတာ ငှက်တွေအတွက် မရှိမဖြစ် အရေးအကြီးဆုံးအရာ (ဝါ) လူတွေအတွက် အရေးအကြီးဆုံးအရာ .. စားစရာ၊ ရိက္ခာ၊ ဒါလည်းဖြစ်နိုင်တယ်။ ပြီးတော့ လွတ်လပ်ချမ်းမြေ့မှု....၊ ဒါလည်းဖြစ်နိုင်တယ်။ ပြီးတော့ လူ့ဂုဏ်သိက္ခာ။ လူ့ဥပဓိကဏ္ဍ၊ ပြီးတော့ ... ဒီမိုကရေစီ ....။
‘သစ်စေ့’ ဟာ လူတွေ မရှိမဖြစ်လိုအပ်တဲ့ အရာအားလုံးကို ကိုယ်စားပြုတဲ့ ‘သင်္ကေတ’ ပါပဲ။ ဒီ ‘သင်္ကေတ’ က ကိုယ်စားပြုထားတဲ့ အရာတွေဟာ ဒီကဗျာကိုဖတ်ရင် ...... သာမန်အားဖြင့်တော့ မမြင်နိုင်ဘူး။ ထင်သာမြင်သာမရှိဘူး။ ကဗျာဖတ်သူက အားစိုက်ရလိမ့်မယ်။
ကဗျာဆရာက ရင်ခုန်သံနဲ့ပို့တာကို ကဗျာဖတ်သူကလည်း ရင်ခုန်သံနဲ့ပဲ ဖတ်ရလိမ့်မယ်။ ကဗျာဆရာရဲ့ စိတ်အလုပ်နဲ့ ကဗျာဖတ်သူရဲ့ စိတ်အလုပ်မှာ ကဗျာဖတ်သူက ပိုပြီး အခွင့်သာပါတယ်။ ကဗျာဆရာက တထွာလောက်ပေးတာကို ကဗျာဖတ်သူက တတောင်မက မြင်လို့ရပါတယ်။ မြင်ခွင့်လည်းရှိပါတယ်။ ဒါပေမဲ့ ကဗျာဖတ်သူ ကျနော်တို့က ကဗျာရေးသူလောက်တောင်မှ အားစိုက်မှု၊ တူးဆွမှု မစိုက်ထူတဲ့အခါ ကဗျာတွေကို မခံစားနိုင်၊ ကဗျာတွေကို နားမလည်နိုင် ဖြစ်ရတော့တာပေါ့။
ကဗျာဆရာ ‘တိုမက် ယက်စထရွန်’ က လူတွေအတွက် သေရေးရှင်ရေး၊ တကယ့်ကိုလိုအပ်တဲ့ အရာတွေအားလုံး အကျုံးဝင်တဲ့အရာကို ‘သစ်စေ့’ ဆိုတဲ့ ‘သင်္ကေတ’ နဲ့ ပြောတာ။ ဒါဟာ ‘တိုမက် ယက်စထရွန်’ အသုံးပြုတဲ့ ကဗျာ့ပရိယာယ် ‘မာယာ’ ပေါ့။ လူတွေအတွက် တကယ် အရေးအကြီးဆုံးအရာ၊ ဘယ်ဟာလဲဆိုတာ ပြောချင်ရင် တည့်တိုးပြောလို့မရဘူး၊ ပြောခွင့်မရှိဘူး။ ဒီတော့ ‘မာယာ’ ကို ‘မာယာ’ လို့ သဘောမထားဘဲ ကိုယ့်ဘက်က အားထုတ်မှုမရှိဘဲ ဒီအတိုင်း လက်ဖဝါးပေါ် ရှင်းအောင် တင်မပြရကောင်းလားဆိုပြီး ဒီကဗျာတွေ ဘာရေးထားမှန်း မသိဘူးဆိုပြီး လက်လွှတ်လိုက်မယ်ဆိုရင်၊ ကဗျာကို လက်လွှတ်ဆုံးရှုံးရုံတင်မက ဘဝရဲ့ အရေးအကြီးဆုံးအရာတွေကို ရှာဖွေဖို့ သတိပေး နှိုးဆော်ချက် အခွင့်အရေးကိုပါ ဆုံးရှုံးရတော့မှာပေါ့။
ကဗျာဆရာ ‘တိုမက် ယက်စထရွန်’ က ‘သစ်စေ့များ’ ကဗျာရဲ့ အနက်ကို တူးဆွခိုင်းရင်းက အဲဒီ ဘဝရဲ့ အရေးအကြီးဆုံး အရာတွေ ရနိုင်၊ ရှိနိုင်တဲ့ အနာဂတ်ဆီ လူတွေရှေ့တိုးပြီး ရှာနိုင်ဖွေနိုင်ဖို့ လမ်းခင်းလိုက်တဲ့ သဘောပါပဲ။
ကျနော်တို့တိုင်းပြည်မှာလည်း ‘အနာဂတံကို ဘာသာပြန်တဲ့ငှက်’ တွေ ရှိပါတယ်။ ကျနော်တို့က အဲဒီငှက်တွေ (ဝါ) အဲဒီကဗျာဆရာတွေရဲ့ တောင်ပံခတ်သံ၊ ကျူးရင့်သံ (ဝါ) ကဗျာတွေကို နားထောင်တတ်ရပါလိမ့်မယ်၊ နားထောင်နိုင်ဖို့ အားထုတ်ရပါလိမ့်မယ်။
ကဗျာဆိုတာကတော့ ‘နက်နက်တူးလေ ရေတွေ့လေ’ ဆိုတဲ့ သဘောပါပဲ။ အနာဂတံကို ဘာသာပြန်တဲ့ငှက်တွေရဲ့ တောင်ပံခတ်သံ (ဝါ) ကဗျာတွေကို ကျနော် အလျဉ်းသင့်ရင် ထပ်ပြီး အစီရင်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ဟော..... စာဖတ်သူများ အသေအချာ စိတ်နားစိုက်ပြီး နားထောင်ပါ။ ဟိုး .... အဝေးဆီက အနာဂတံကို ဘာသာပြန်တဲ့ငှက်တအုပ်ရဲ့ တောင်ပံခတ်သံတွေ၊ ကျူးရင့်သံတွေကို မလွဲမသွေ ကြားရပါလိမ့်မယ်။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)