အခုပညာသင်နှစ်မှာ စတင်တက်ရောက်နေရပြီဖြစ်တဲ့ အခြေခံပညာကျောင်းတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမအပ်ရသေးသူတွေအတွက် ကျောင်းအပ်လက်ခံမယ့် ရက်ကို တိုးမြှင့်သတ်မှတ်ပေးထားတယ်လို့ စစ်ကောင်စီ ပညာရေးဌာနက သိရပါတယ်။
၂၀၂၃-၂၄ ပညာသင်နှစ်ရဲ့ ကျောင်းအပ်လက်ခံတာတွေကို မေလကုန်အထိ လုပ်ဆောင်ခဲ့ပြီး ကျောင်းအပ်နှံရေး သီတင်းပတ်မှာ မအပ်လိုက်ရတဲ့ ကျောင်းသားကျောင်းသူတွေကို ဇွန်လကုန်အထိ ကျောင်းအပ်ခွင့်ပေးခဲ့သလို အခုအခါလည်း ဒီလ ၁၇ ရက်နေ့အထိ ကျောင်းအပ်နိုင်သေးတယ်လို့ သိရပါတယ်။
ဒီလို ကျောင်းအပ်ရက် တိုးမြှင့်ပေးထားပေမဲ့ ကျောင်းအပ်တဲ့သူတွေ သိပ်မရှိတော့ဘဲ တိုင်းတခု ဒါမှမဟုတ် ပြည်နယ်တခုလုံးမှာ တနေ့ကို တဦးတောင် မအပ်တော့ဘူးလို့ ရန်ကုန်တိုင်း ပညာရေးမှူးရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
အခြေခံပညာကျောင်းတွေကို လက်ရှိမှာ ဝင်ရောက်လာတဲ့ ကျောင်းသားဆိုတာကလည်း ကိုယ်ပိုင်ကျောင်း၊ တခြား နယ်ကပြောင်းရွှေ့လာတဲ့ ကျောင်းသားကျောင်းသူ တယောက်စ၊ နှစ်ယောက်စလောက်ပဲ ရှိတော့တယ်လို့လည်း သူကပြောပါတယ်။
အခုနှစ်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသားကျောင်းသူ ၈ သန်းနီးပါးလောက် ကျောင်းအပ်ထားတယ်လို့ စစ်ကောင်စီ ပညာရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။