ထိုင်းနိုင်ငံထဲကနေ အကြွေးစနစ်နဲ့ မော်တော်ကားအသစ်တွေ မြန်မာနိုင်ငံကို အဓိကထားပြီး တရားမဝင် ပို့ဆောင်နေတဲ့ မှောင်ခိုဂိုဏ်းတခုက အမျိုးသမီးတဦးကို ဗဟိုစုံစမ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၅ ရက် ဒီနေ့မနက်မှာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ထဲမှာရှိတဲ့ မဟာဝမ်ကျေးရွာထဲက ရတ်တနာဖော် ဆိုသူ အမျိုးသမီးအိမ် အပါအဝင် သံသယရှိတဲ့ ၂၁ နေရာကို ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့၊ မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့တို့က ဝင်ရောက်စီးနင်းခဲ့တာလို့ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဆိုအမျိုးသမီးကို ပူးပေါင်းကြံစည် လိမ်လည်မှုနဲ့ ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် နေအိမ်မှာပဲ ဖမ်းဆီးရမိခဲ့ကြောင်း၊ သူမဟာ ငွေကြေးအခက်အခဲရှိသူတွေကို အကြွေးစနစ်နဲ့ ကားဝယ်ယူစေပြီး မြန်မာနိုင်ငံထဲ ကားတွေပို့ဆောင်ဖို့ ကြီးကြပ်ပေးခဲ့တာကို စစ်ဆေးတွေ့ရှိကြောင်း ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိသူ ထိုင်းအမျိုးသမီးကို တရားဥပဒေအရ အရေးယူနိုင်ဖို့ နယ်မြေရဲစခန်းကို ပို့ဆောင်ထားပြီး တခြား ဝင်ရောက်စီးနင်းခဲ့တဲ့ ၂၁ နေရာက တရားခံ ၂၃ ဦးနဲ့ ပတ်သက်ပြီး ဖော်ပြထားတာတော့ မတွေ့ရသေးပါဘူး။