ပီရူးနိုင်ငံက ယူဘီနာစ် မီးတောင်ဟာ ဇူလိုင် ၄ ရက်က ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အနီးနားရှိ မြို့တွေမှာ အန္တရာယ်ရှိတဲ့ ပြာမိုးတွေ ရွာခဲ့တယ်လို့ အစိုးရနဲ့ အရပ်ဘက်ကာကွယ်ရေး အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
မီးတောင်ပေါက်ကွဲမှုကြောင့် ကောင်းကင်ယံ အမြင့်ပေ ၁၈,၀၀၀ ထိကို ပြာပူတိမ်တိုက်တွေ မှုတ်ထုတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဘေးလွတ်ရာရွှေ့ပြောင်းဖို့ လိုအပ်လာရင် ခိုလှုံဖို့ အဆောက်အဦတွေ အဆင်သင့်ပြင်ထားဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။
အန်ဒီယန်နိုင်ငံတောင်ပိုင်း မိုကဲဂွါဒေသမှာ တည်ရှိပြီး ၂၀၁၉ ခုနှစ်ကတည်းက ငြိမ်သက်နေခဲ့တဲ့ ယူဘီနာစ် မီးတောင်ရဲ့ တောင်ပိုင်းနဲ့ အရှေ့တောင်ဘက်အပိုင်းတွေကို လေတိုက်ခတ်မှုကြောင့် ပြာတွေပြန့်ကျဲသွားကြောင်း သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ပြောပါတယ်။
မနက်အစောပိုင်း ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်မှာ ဒီပြာတွေဟာ ယူဘီနာစ်နဲ့ မာတာလာကဲ ခရိုင်တွေရှိ လူနေထူထပ်တဲ့ နေရာတွေကို ထိခိုက်စေတဲ့ ပြာတွေဖြစ်ကြောင်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အစိုးရအချက်အလက်တွေအရ မီးတောင်ဝန်းကျင်တဝိုက်ရှိ ကျေးရွာအသီးသီးမှာ လူပေါင်း ၂,၀၀၀ ကျော် နေထိုင်ကြပြီး အရေးပေါ်အခြေအနေမှာ ဆီရာဟွာယာနယ်မြေမှာ ပြောင်းရွှေ့နေထိုင်နိုင်ကြောင်း သိရပါတယ်။
ပီရူးနိုင်ငံတောင်ပိုင်းဟာ သက်ဝင်တက်ကြွနေတဲ့ မီးတောင် ၁ ဒါဇင်လောက်ရှိတဲ့နေရာ ဖြစ်ပါတယ်။ ပီရူးဟာ မြေငလျင်နဲ့ မီးတောင်လှုပ်ရှားမှုတွေ မြင့်မားတဲ့ ပစိဖိတ်မီးကွင်းလို့ ခေါ်တဲ့ ဒေသလည်း ဖြစ်ပါတယ်။