အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံကို ဆက်သွယ်ဖောက်လုပ်နေတဲ့ အဝေးပြေးလမ်းမကြီး ဖောက်လုပ်မှုဟာ ၇၀ ရာခိုင်နှုန်းနီးပါး ပြီးစီးနေပြီဖြစ်တယ်လို့ အိန္ဒိယအခြေစိုက် NDTV သတင်းမှာ ဖော်ပြပါတယ်။
ကုန်းလမ်းပို့ဆောင်ရေးနဲ့ အဝေးပြေးလမ်းမများဆိုင်ရာ ပြည်ထောင်စုဝန်ကြီး နီတင် ဂွတ်ဒ်ကာရီရဲ့ ပြောဆိုချက်ကို ကိုးကားပြီးတော့ ခုလိုဖော်ပြလိုက်တာဖြစ်ပြီးတော့ ကီလိုမီတာ ၁၄ဝဝ လောက် ရှည်လျားတဲ့ အဆိုပါအဝေးပြေးလမ်းမကြီးက အိန္ဒိယနဲ့ အရှေ့တောင်အာရှကို ချိတ်ဆက်ကာ သုံးနိုင်ငံကြား ကုန်သွယ်မှု၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ ခရီးသွားလာမှုဆိုင်ရာ ဆက်ဆံရေးတွေကို မြှင့်တင်ပေးနိုင်မယ်လို့ ဆိုပါတယ်။
အဝေးပြေးလမ်းမကြီးကိုတော့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုရေးမြို့ကနေ မြန်မာနိုင်ငံ၊ အဲဒီကနေ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဆီ ဆက်သွယ်ဖောက်လုပ်နေတာ ဖြစ်ပြီးတော့ လမ်းပြီးစီးမှုနဲ့ အကောင်အထည်ဖော်မယ့် အချိန် အသေးစိတ် အခြေအနေတွေကိုတော့ ဝန်ကြီးက ပြောကြားထားတာမျိုး မရှိသေးပါဘူး။
ဒီအဝေးပြေးလမ်းမကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ အပြီးသတ်တည်ဆောက်ဖို့ အိန္ဒိယအစိုးရက စီမံကိန်း ချခဲ့ပေမယ့် နှောင့်နှေးနေခဲ့တာ ဖြစ်ပါတယ်။