စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်နဲ့ ဗန်းမောက်မြို့နယ်အတွင်းမှာ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ကျွန်းသစ်တွေ အလွန်အကျွံ ခိုးထုတ်နေကြောင်း ဒေသခံတွေထံက သိရပါတယ်။
တရုတ်နိုင်ငံသားတွေနဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ ပူးပေါင်းပြီး စစ်အာဏာသိမ်းပြီး နောက်ပိုင်း တရုတ်နိုင်ငံကို ၁၂ ဘီးကားတွေနဲ့ ကျွန်းသစ်အလုံးလိုက် တင်ပို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။
အင်းတော်ဒေသခံတဦးက “စစ်အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ် လဆန်းပိုင်းလောက်ကတည်းက တရုတ်တွေရောက်လာပြီး မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပေါင်းပြီး သစ်တွေ ခိုးထုတ်နေတာ။ ကျွန်းပင် အကြီးကြီးတွေကို လှဲ၊ သစ်စက်ကြီးတွေနဲ့ အပြင်ခွံတွေဖယ်ပြီး အလုံးလိုက် တရုတ်ပြည်ကို ပို့နေတယ်။ သစ်အလုံးလိုက် ပေါ်တင်ကိုသယ်တာ” လို့ ပြောပါတယ်။
အင်းတော်မြို့နယ်နဲ့ ဗန်းမောက်မြို့နယ်က ခုတ်လှဲထားတဲ့ ကျွန်းသစ်အလုံးလိုက်တွေကို ဗန်းမောက်မှ အင်းတော်၊ အင်းတော်မှ ကသာ၊ ကသာမှ မံစီနဲ့ ချောင်းဝမှ ရွှေကူလမ်းဘက် တောလမ်းအတိုင်း ၁၂ ဘီးကားတွေနဲ့ တရုတ်နိုင်ငံကို တင်ပို့နေကြတာပါ။
“အင်းတော်မြို့နယ်မှာဆို ကျွန်းသစ်က ကုန်သလောက်ဖြစ်နေပြီ။ သစ်ခိုးထုတ်တဲ့ တရုတ်တွေက စစ်ဆေးရေးဂိတ်တွေကိုလည်း ငွေအပုံလိုက် ပေးထားပုံရတယ်။ ဖမ်းတာဆီးတာ မကြားမိဘူး။ တောလမ်းထဲကနေ တရုတ်အထိ ၁၂ ဘီးကားကြီးတွေနဲ့ နေ့ ည ခိုးထုတ်နေတာ” လို့ တခြားဒေသခံတဦးက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကသာခရိုင်အတွင်းက ဗန်းမောက်မြို့နယ်တောင်ပိုင်းရှိ သစ်တောကြိုးဝိုင်းတွေ၊ ဗန်းမောက်မြို့နယ် မဲတော၊ ပန်းတော၊ မန်ကပ်တော၊ ခေါင်းသစ် စတဲ့ သစ်တောကြိုးဝိုင်းတွေနဲ့ အင်းတော်မြို့နယ် အရှေ့ဘက်ခြမ်း ရွာဟောင်း၊ ဂဟဲနေရာတွေက ကျွန်းသစ်လုံးတွေ၊ ဗန်းမောက်မြို့နယ်အစပ် အင်းတော်ဘက်ခြမ်း သစ်တောကြိုးဝိုင်း အတွင်းက ကျွန်းသစ်လုံးတွေကို ခိုးယူပြီး တရုတ်နိုင်ငံကို တင်ပို့နေကြတာ ဖြစ်ပါတယ်။