လက်နက်အားကိုး အကြမ်းဖက်လို့ အကြောက်တရားကို ဖန်တီးပြီး အများသူငါကို သတ်ဖြတ်အုပ်ချုပ်သူဆိုတာ ကိုယ်တိုင် ကြောက်စိတ်ကြီးမားစွာ နေ့စဉ်ရှင်သန်ကြရပါတယ်။ ဘယ်သူကများ ကိုယ့်ကို ပြန်လက်စားချေမလဲ၊ ဘယ်တော့ ကိုယ့်အလှည့်ရောက်မလဲ ဆိုတဲ့ စိုးရိမ်ပူပန်စိတ်နဲ့ စားနေတုန်းလည်းကြောက်၊ သွားနေတုန်းလည်းကြောက်၊ အိပ်နေစဉ်လည်း ကြောက်နေရပြီး အခါမလပ် အထိတ်တလန့်နဲ့ ရှင်သန် ငရဲခံကြရတာ ဖြစ်ပါတယ်။
သူတပါးအပေါ် အနိုင်ကျင့် ဗိုလ်ကျသူတွေဟာ ပုံမှန်လူထက်စာရင် အကြောက်တရားတွေ ပိုမိုများပြားပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၇၀ ကျော် လက်နက်အားကိုးပြီး ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်အုပ်ချုပ် အနိုင်ကျင့်တဲ့ စစ်ဓားပြတွေမှာလည်း အကြောက်တရားတွေ အလွန်ထူပြော များပြားပါတယ်။
၁၉၆၂ ခုနှစ်ကစလို့ စစ်အာဏာလု ဓားပြဂိုဏ်းဟာ ပထမဆုံး သူတို့အသက်အန္တရာယ် ဆုံးရှုံးရမှာ ကြောက်သလို သူတို့ကျူးလွန်ခဲ့သမျှ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ခံရမှာ၊ ထောင်ကျ အပြစ်ကျခံရမှာကို ကြောက်ပါတယ်။ သူတို့ မသန့်ရှင်းစွာ ရယူခဲ့တဲ့ စည်းစိမ်ဉစ္စာတွေ ပြန်ဆုံးရှုံးမှာလည်း အလွန်ကြောက်လန့်တာမို့ လုယူထားတဲ့အာဏာ စွန့်လွှတ်ရမှာလည်း အသေကြောက်ပါတယ်။
သူတို့ဟာ ဖက်ဒရယ်ကိုကြောက်သလို ကွန်မြူနစ်တွေကိုလည်း ကြောက်လှပါတယ်။ သူတို့အာဏာကို ဖြိုချမယ့် ကျောင်းသားသမဂ္ဂကိုလည်း ကြောက်လွန်းတာမို့ ရန်ကုန်တက္ကသိုလ်ဝင်းထဲက ကျောင်းသားသမဂ္ဂ အဆောက်အဦကို မိုင်းနဲ့ခွဲ ဖြိုချခဲ့တာနဲ့ လက်နက်မရှိတဲ့ တက္ကသိုလ်ကျောင်းသားတွေကို ကျောင်းဝင်းထဲ အဆောင်တွေထဲအထိ မောင်းပြန်သေနတ်တွေနဲ့ ဝင်ရောက်ပစ်ခတ် သတ်ဖြတ်ခဲ့တာ သာဓကဖြစ်ပါတယ်။
စစ်ဓားပြဂိုဏ်းဟာ နိုင်ငံရေးသမားတွေလည်း အသေကြောက်ပါတယ်။ အဓမ္မသားတွေဖြစ်တဲ့ စစ်ဘီလူးတွေဟာ ဓမ္မဘက်တော်သား နိုင်ငံရေးသမားတွေ၊ အမှန်တရားဘက် ရပ်တည်ကြတဲ့ နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေကို ကြောက်ရွံ့ကြတာမို့ ကိုကိုးကျွန်းပို့ နှစ်ရှည်ထောင်ချလို့ အပြစ်မရှိ အပြစ်ရှာ ဖိနှိပ်ကြပါတယ်။
ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ရဲသလို မဟုတ်တာ အကုန်လုပ်ကြတဲ့ စစ်ဓားပြဂိုဏ်းသားတွေဟာ မူလပထမ မြန်မာ့စစ်တပ်ကို တည်ထောင်ခဲ့တဲ့ ပြည်သူချစ်တဲ့ လူထုခေါင်းဆောင်အစစ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေကို အလွန်ကြောက်လန့်ကြပါတယ်။ သူတို့ကျူးလွန်နေကြတဲ့ အမှားတွေ၊ စစ်ရာဇဝတ်မှုတွေကို ကြိုပြောခဲ့လို ဖြစ်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေကို လိုက်ပိတ်တာ၊ ဖြန့်ချိသူတွေကို လိုက်ဖမ်းတာ၊ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကိုင်ရင် ချိတ်ရင် ထောင်ချတာ၊ ဗိုလ်ချုပ်မွေးနေ့ ကျင်းပတာကို ပိတ်ပင်တာ၊ ဗိုလ်ချုပ်ကြိုက်တဲ့ ပဲပြုတ်နဲ့ နံပြား ကျွေးသူတွေကို ဖမ်းဆီးထောင်ချတာဟာ စစ်မိစ္ဆာဘီလူးတွေရဲ့ အကြောက်တရားက ထင်ရှားလှပါတယ်။
နောက်ထပ် စစ်ဓားပြတွေ အကြောက်ဆုံးအရာတွေထဲက တခုကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ စစ်မိစ္ဆာကောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်ကို မကြားချင်အောင် ကြောက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းတွေ၊ စကားလုံးတွေကိုလည်း ကြောက်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူကြားက ချစ်ခြင်းတရား၊ ယုံကြည်မှုနဲ့ သစ္စာတရားကိုလည်း ကြောက်သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ တွေးခေါ်မြော်မြင်မှု၊ နိုင်ငံရေးသဘောတရား၊ မူဝါဒ၊ ရိုးသားမှု၊ သီလ သမာဓိ ပညာ အားလုံးကို ဖိန့်ဖိန့်တုံ့အောင် ကြောက်ပါတယ်။
သေနတ်တွေကိုင်ထားပြီး သတ္တိကြောင်တဲ့ စစ်ဓားပြခေါင်းဆောင် မင်းအောင်လှိုင်နဲ့ လက်ပါးစေတသိုက် ကြောက်တဲ့အရာတွေကို ရေးရင် တထောင့်တညရေးလည်း ကုန်နိုင်မှာမဟုတ်ပေမဲ့ ဒီဆောင်းပါးမှာတော့ သူတို့ အထူးတလည် ကြောက်ရွံ့တဲ့ အရာတွေကို ရေးပြချင်ပါတယ်။
၁။ လက် ၃ ချောင်းထောင်တာလည်းကြောက်
၂။ သံပုံးတီးမှာကြောက်
၃။ ကမ္ဘာမကြေဘူးသီချင်းဆိုမှာကြောက်
၄။ အရေးကြီးပြီသီချင်းဆိုမှာကြောက်
၅။ ရတနသုတ်ရွတ်မှာကြောက်
၆။ NUG ကိုကြောက်
၇။ CRPH နဲ့ NUCC ကိုကြောက်
၈။ စစ်မှန်တဲ့ EAO တွေကြောက်
၉။ PDF ကိုကြောက်
၁၀။ ဒေသခံ ပကဖတွေကိုကြောက်
၁၁။ CDM တွေကိုကြောက်
၁၂။ ထောက်ပို့တွေကိုကြောက်
၁၂။ တူမီးခါးချိုးကိုကြောက်
၁၃။ လက်လုပ်မိုင်းတွေကြောက်
၁၄။ လက်လုပ် မမ တွေကိုကြောက်
၁၅။ ရှေ့တိုက်ဒုန်းတွေကြောက်
၁၆။ ဒရုန်းတွေကိုကြောက်
၁၇။ သပိတ်ပေါင်းစုံကိုကြောက်
စတာတွေ ဖြစ်ပါတယ်။ စစ်ဓားပြတွေ အကြောက်ဆုံးအရာကတော့ ဘယ်လိုလက်နက်မျိုးနဲ့မှ မနိုင်နိုင်မဲ့ ပြည်သူလူထုတရပ်လုံး တသားတည်း စည်းလုံးညီညွတ်မှုပဲ ဖြစ်ပါတယ်။
အားလုံးသိပြီးတဲ့အတိုင်း အခုနောက်ဆုံး စစ်ဓားပြတွေ ကြောက်ရတဲ့အရာကတော့ ပြည်သူလူထု ပန်းပန်မှာကို ကြောက်တယ်ဆိုတာပါပဲ။ ပန်းကြောက်တဲ့စစ်တပ်ဆိုတာ ကမ္ဘာမှာ ပထမဆုံးနဲ့ ရှက်စရာအကောင်းဆုံး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက် မွေးနေ့မှာ ပန်းပန်သူတွေကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။ ပန်းပန်သူတွေ၊ ပန်းရောင်းသူတွေ၊ ပန်းသပိတ်ဆင်နွှဲသူ အမျိုးသား၊ အမျိုးသမီး တချို့ကို ဖမ်းဆီးခဲ့တာဟာ စစ်ဓားပြတွေ အကြောက်တရား ဘယ်လောက်နက်ရှိုင်းနေပြီ ဆိုတာ လူအများ သိစေခဲ့တာ ဖြစ်ပါတယ်။
ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် အကြောက်တရားကို ဖန်တီးပြီး ဖိနှိပ်အုပ်ချုပ်သူတွေဟာ သူတို့ဆီမှာလည်း အကြောက်တရားတွေ ပိုမိုဖြစ်ထွန်းလာကြရပါတယ်။ လက်နက်အားကိုးနဲ့ အကြမ်းဖက် အနိုင်ကျင့် ဗိုလ်ကျသူတွေဟာ နေ့စဉ်နဲ့အမျှ အကြောက်တရားမျိုးစုံ ဖိစီးနှိပ်စက်တာကို ခံရရင်း အထိတ်ထိတ် အလန့်လန့်နဲ့ ရှင်သန်ငရဲကျခံနေရတာ ဖြစ်ပါတယ်။
ပြည်သူကို ခြောက်လှန့်ခဲ့ကြတဲ့ စစ်ဓားပြတွေဟာ ဂျီ (ချေ) အီး ဂျီလန့်ဆိုတဲ့ စကားလိုပဲ ဘာသံကြားကြား၊ မလုံမလဲ ဖြစ်လာကြရတာ ဖြစ်ပါတယ်။ ကင်းစခန်းထဲထိုင်ရင်း ကြောက်၊ ကတုတ်ကျင်းထဲလည်း ကြောက်၊ တပ်ရင်း တပ်မတွေထဲလည်း ကြောက်လာရပါပြီ။ ပြည်သူလူထုကြား စစ်ဝတ်စုံဝတ်ထားရင် လက်နက်မကိုင်ဘဲ မသွားရဲ၊ မလာရဲ၊ လက်ဖက်ရည်ဆိုင် မထိုင်ရဲ၊ ကွမ်းယာဆိုင် မသွားရဲ၊ ဈေးမသွားရဲတော့ပါဘူး။
ကိုယ့်အရိပ်ကိုယ် ရန်သူလို့ထင်လာရင်း အချင်းချင်းတောင် မယုံကြည်တော့ဘဲ ဘယ်အရာကို မဆို အကုန်ကြောက်လာရပြီး ပုံမှန်မနေရဲ၊ ပုံမှန်မသွားမလာရဲ၊ ပတ်ဝန်းကျင်ရှိရှိသမျှဟာ သူတို့ကို ခြောက်လှန့်လာနေတာမို့ ဘယာဂတိကြီးမားတဲ့သူတွေဟာ ကြောက်ရွံ့သဖြင့် မလိုက်သင့်သည့်ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်းဆိုတဲ့ အမှားတွေ ကျူးလွန်ရင်း ကျူးလွန်ရင်း ကမ္ဘာ့ပထမဆုံး ပန်းကြောက်တဲ့စစ်တပ်ဟာ ထွက်ပေါက်မဲ့ ဘယာဂတိဝင်္ကဘာ အမှောင်တိုက်ထဲ စုံးစုံးမြုပ်လို့ ပျက်သုဉ်းကျဆုံးရမှာ ဖြစ်ပါကြောင်း။
မင်းကောင်းချစ်