ပဲခူးတိုင်း အုတ်တွင်းမြို့နယ် အမြန်လမ်း မိုင်တိုင် ၁၂၀/၇ မိုင်မှာ ကားအက်ဆီးဒင့်ဖြစ်ပြီး ကလေး ၁ ဦး အပါအဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
ဇူလိုင် ၁ ရက် ညနေက Atrai Wagon ( 1P-5548) ယာဉ်ဟာ နောက်ဘီးပေါက်ပြီးနောက် လမ်းလယ်ကျွန်းကို ကျော်ပြီး ဆန့်ကျင်ဘက်လမ်းကြောင်းမှ မိုင်တိုင်ကို တိုက်မိခဲ့တာပါ။
ယာဉ်တိုက်မှုကြောင့် အသက် ၅၀ ကျော် ဦးခင်ကျော် နေရာမှာတင် သေဆုံးခဲ့ပြီး ၁၁ နှစ်အရွယ် မရတီဖူးငုံကတော့ ဆေးရုံကိုပို့ရာ လမ်းမှာ ထပ်မံသေဆုံးခဲ့ပါတယ်။
ကားပေါ်မှာ လူ ၅ ဦး ပါဝင်ခဲ့ပြီး ယာဉ်မောင်း ဦးခင်အောင်ဝင်း ဝဲဘက်နှာခေါင်း ပေါက်ပြဲပြီး ခြေသလုံးပြတ်ရှဒဏ်ရာတို့ ရရှိခဲ့ကာ အမျိုးသမီး ၂ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
မျက်မြင်တွေ့ရှိသူတဦးက “ကားကအရှိန်များတာ၊ ဘေးကကာထားတဲ့ တန်းတွေကို ကျော်ပြီး မိုင်တိုင်ကိုတိုက်တယ်၊ ဟိုဘက်ကို အတော်လွင့်ပြီးမှ လမ်းကာထားတဲ့ နေရာမှာ ခေါင်းထိုးရပ်သွားတယ်” လို့ ပြောပါတယ်။
ဒဏ်ရာရရှိသူတွေဟာ ဖြူးမြို့နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ရန်ကုန်တိုင်း တာမွေမြို့နယ် ၁၁၇ လမ်းမှာ နေထိုင်သူတွေလို့ သိရပါတယ်။