အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရပ်ရှ်တြာပြည်နယ်မှာ ဇူလိုင် ၁ ရက်အစောပိုင်းက ဘတ်စ်ကား တစီးဟာ အမြန်လမ်းပေါ်မှာ ယာဉ်တိုက်မှုဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၂၅ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဘတ်စ်ကားဟာ ဒေသစံတော်ချိန် မနက် ၁ နာရီခွဲလောက်မှာ အမြန်လမ်းပေါ်မှာ လမ်းခွဲ ပြသထားတဲ့ တံတားတခုကို ဝင်တိုက်မိပြီး ယာဉ်ရဲ့ ဒီဇယ်ဆီတိုင်ကီ ပေါက်ပြဲရာကနေ ယာဉ်တစီးလုံးကို ဖိတ်စင်ပြီးတော့ မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။
ဘတ်စ်ကားပေါ်ကနေ လွတ်မြောက်လာသူ ၈ ဦးရှိပြီး သူတို့ရဲ့အသက်ကို ကယ်ဆယ်နိုင်ခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ လူ ၂၅ ဦး သေဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
မတော်တဆမှု ဖြစ်တာထက်ကို မီးလောင်မှုကြောင့် သေဆုံးရတာကပိုများပြီး အလောင်းအားလုံး မီးလောင်ကျွမ်းသွားတာလို့ ရဲအုပ်ကြီးက ပြောပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် အေ့က်နသ်ရှင်းဒေးနဲ့ ၀န်ကြီးချုပ် နာရင်ဒြာမိုဒီတို့ဟာ ဝမ်းနည်းကြောင်း ဖော်ပြချက်တွေကို တွစ်တာမှာ သီးခြားစီ ပို့စ်တင်ခဲ့ပါတယ်။
ဘေးဒုက္ခသည် တဦးစီရဲ့ မိသားစုတွေကို အိန္ဒိယရူပီးငွေ ၇ သိန်း (ဒေါ်လာ ၈,၅၀၀) ကို ထောက်ပံ့ သွားမယ်လို့လည်း ပြောခဲ့ပါတယ်။