ပိုလန်နိုင်ငံရဲ့ အိမ်နီးချင်း ဘီလာရုစ်မှာ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေကို ဖြန့်ကြက်ထားဖို့ ရုရှားက စီစဉ်နေတာကြောင့် ပိုလန်နိုင်ငံဟာ နေတိုးရဲ့ နျူကလီးယားမျှဝေရေး အစီအစဉ်မှာ ပါဝင်ဖို့ အရှိန်မြှင့် လုပ်ဆောင်နေကြောင်း ပိုလန်ဝန်ကြီးချုပ် မာတေးအုရှ် မိုရာဝစ်စကီက ပြောပါတယ်။
ဇွန် ၃၀ ရက်က ဘရပ်ဆဲလ်ရှိ ထိပ်သီးစည်းဝေးပွဲတခုမှာ အီးယူ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့တာဖြစ်ပြီး ပိုလန်ဟာ အဲဒီအစီအစဉ်မှာ ပါဝင်နိုင်မလား မပါဝင်နိုင်မလား ဆိုတဲ့ နောက်ဆုံး ဆုံးဖြတ်ချက်မှာ အမေရိကန်က ဆုံးဖြတ်ဖို့အတွက်သာဖြစ်ကြောင်း မိုရာဝစ်စကီက ပြောပါတယ်။
ဒါပေမဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ခြိမ်းခြောက်မှု အမျိုးမျိုးကို အရှိန်မြှင့်နေချိန်မှာ ပိုလန်ဟာ နောက်မှာ ထိုင်မနေချင်ဘူးလို့လည်း ဆိုပါတယ်။
နေတိုးအဖွဲ့ဝင် ဂျာမဏီနိုင်ငံဟာ နျူကလီးယားမျှဝေရေး အစီအစဉ်မှာ ပါဝင်နေတာဟာ နျူကလီးယားလက်နက် မပိုင်ဆိုင်ဘူးလို့ ဆိုပေမဲ့ ဂျာမန်တိုက်လေယာဉ်တွေဟာ အမေရိကန်ရဲ့ နျူကလီးယားဗုံးတွေကို ပဋိပက္ခအတွင်း ပစ်မှတ်ကို လက်ခံသယ်ဆောင်ပေးဖို့ ရည်ရွယ်ထားတယ် လို့လည်း ဆိုလိုပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်တာနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေနဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ သမ္မတ ဗလာဒီမာ ပူတင်က လူသိရှင်ကြား ကြေညာကတိပြုထားတဲ့ ရုရှားနည်းဗျူဟာ သို့မဟုတ် တာတိုပစ် နျူကလီးယားလက်နက်တွေကို ဘယ်လာရုစ်နိုင်ငံမှ စတင်လက်ခံနေပြီဖြစ်ကြောင်း မော်စကိုနဲ့ မင့်စ်ခ်တို့က ပြောကြပါတယ်။