Home
မြန်မာသတင်း
တရုတ် စစ်ဘက်ဆိုင်ရာကိုယ်စားလှယ်များ၏ ယာဉ်တန်း မြစ်ကြီးနားလမ်းတွင် ပစ်ခတ်ခံရ 
DVB
·
June 30, 2023
Screenshot 2023-06-30 154538

တရုတ်နိုင်ငံ တပ်မတော်ဆိုင်ရာ ကိုယ်စားလှယ်တွေ လိုက်ပါလာတဲ့ယာဉ်တန်းရဲ့ ရှေ့ပြေးယာဉ် ကချင်ပြည်နယ် ကံပိုင်တည် - မြစ်ကြီးနားလမ်းမှာ  ဇွန်လ ၂၇ ရက်နေ့က ပစ်ခတ်ခံရတယ်လို့ စစ်ကောင်စီက အတည်ပြုပြောပါတယ်။

နယ်စပ်ဒေသလုံခြုံရေးနဲ့ပတ်သက်ပြီး မြန်မာနဲ့ တရုတ် နှစ်နိုင်ငံ တပ်မတော်အချင်းချင်း ပုံမှန်လစဉ်  ကျင်းပတဲ့ အစည်းအဝေးကို တက်ရောက်ဖို့လာတဲ့ တရုတ်တပ်မတော်ကိုယ်စားလှယ်တွေရဲ့ ရှေ့ပြေးယာဉ်တစီး ပစ်ခတ်ခံရတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့   စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောတဲ့အကြောင်း ဒီနေ့ထုတ် သတင်းစာမှာ ဖော်ပြပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒီအစည်းအဝေးကို တက်ရောက်ဖို့အတွက် တရုတ်နိုင်ငံက တပ်မတော်ဆိုင်ရာ ကိုယ်စားလှယ်များ မြန်မာနိုင်ငံကို ဇွန်လ ၂၇ ရက်နေ့ မနက်ပိုင်း ကံပိုင်တည်မှ လာရောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ ကျနော်တို့ တပ်မတော်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေက သွားရောက်ကြိုဆိုခဲ့ပါတယ်။ အဲဒီအထဲကမှ နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ ရှေ့ပြေးဒုတိယယာဉ်က ၁၃ ကီလိုမီတာအကွာလောက်မှာ လက်နက်ငယ်နဲ့ ငါးချက်ပစ်ခတ်ခံရပါတယ်။ ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ အဲဒီနေရာမှာ လုံခြုံရေးအရ ပြန်လည်လုံခြုံမှုရရှိအောင် ဆောင်ရွက်ခဲ့ပါတယ်။ ပြန်လည်လုံခြုံမှုရရှိတဲ့အခါမှာ အဲဒီယာဉ်တန်းကို မြစ်ကြီးနားသို့ ပြန်လည်ထွက်ခွာခဲ့တယ်။ မူလအစီအစဉ်အတိုင်းပဲ နှစ်ဖက်တွေ့ဆုံပြီး အစည်းအဝေးများ တွေ့ဆုံခဲ့တာရှိပါတယ်။ အောင်မြင်စွာနဲ့ အစည်းအဝေးပြီးဆုံးသွားပါတယ်။ တရုတ်နိုင်ငံက တပ်မတော်ကိုယ်စားလှယ်အဖွဲ့များလည်း ပြည်ပသို့ ပြန်လည်ထွက်ခွာခဲ့ပါတယ်” လို့ ပြောပါတယ်။

အဆိုပါ ပစ်ခတ်မှုကို ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)က လုပ်ဆောင်ခဲ့တာလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက သက်သေအထောက်အထားမရှိ စွပ်စွဲပြောထားပြီး ဒါနဲ့ပတ်သက်လို့ ကေအိုင်အေဘက်ကတော့ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီး နန်ကျင်းစီးပွားရေးဇုန်တည်ဆောက်ရေး ဆွေးနွေးဖို့အတွက် တရုတ်နိုင်ငံက ကောင်စစ်ဝန်တစ်ဦး ပါဝင်တဲ့ အဖွဲ့ကို နယ်ခြားစောင့်တပ်က ပစ်ခတ်တယ်ဆိုတဲ့ သတင်းတွေ မဟုတ်မှန်ကြောင်းလည်း  ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုသွားပါတယ်။

တရုတ်ကိုယ်စားလှယ်အဖွဲ့ စီးလာတဲ့ ယာဉ်တန်းဟာ ဇွန်လ ၂၇ ရက်နေ့က ကံပိုင်တည်- မြစ်ကြီးနားလမ်း ဆဒုံးအကျော် အင်ဝမ်းကောင်နဲ့ လနားရေ တံခွန်ကြားမှာ ပစ်ခတ်ခံရတာလို့ ဒေသခံတွေနဲ့ နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။

ကံပိုင်တည်နယ်စပ်က ဒေသခံ ၁ ဦးက “ဂိတ်မှာ မပြောပဲနဲ့ ဖြတ်သွားတာ။ သူတို့ မြောက်ပိုင်းတိုင်း (စစ်ဌာနချုပ်)ကိုပဲ ပြောပြီး ဖြတ်သွားတာ။ ဂိတ်မှာ မရပ်လို့ ပစ်တာ။ ဒီဘက်ခြမ်းမှာတော့ နယ်ခြားတပ်၊ တံတားတဖက်ကမ်း မီတာ ၅၀၀ လောက်မှာက ရွှေမင်းရဲ့ ပြည်သူ့စစ်တွေ ရှိတယ်။ ခေါ်သွားတဲ့သူတွေ လိုတာ။ ဂိတ်မှာ မပြောဘဲနဲ့ လျှောက်မောင်းနေတာ နေမှာပေါ့" လို့ ပြောပါတယ်။

တရုတ်ကိုယ်စားလှယ်အဖွဲ့ စီးလာတဲ့ကားတွေ ၁၃ စီးလောက်ရှိပြီး မြစ်ကြီးနားမြို့မှာ စီးပွားရေးကိစ္စတွေ ဆွေးနွေးဖို့ လာတဲ့အချိန် ပစ်ခတ်ခံရတာဖြစ်ပြီး ရှေ့ပြေး ပွိုင့်ကားကို ကျည်ထိမှန်ကာ တခြားကားတွေက ဘာမှ ထိခိုက်မှုမရှိဘူးလို့  နီးစပ်တဲ့ နယ်စပ်ကုန်သည် တယောက်ကလည်း  ပြောပါတယ်။

“သူတို့ အစည်းဝေးပါတဲ့ သူကို တိုက်ရိုက်မေးတာ။ ဘာမှ မဖြစ်ဘူးတဲ့။ ဒီလိုင်းကို ထပ်ခဲ့ဖို့လေ။ အဲဒါ လာဆွေးနွေးတယ်လို့ ပြောတယ်။ Export, Import ထွက်နိုင်အောင်လေ” လို့ ပြောပါတယ်။

နောက်ထပ်နယ်စပ် ဒေသခံ အမျိုးသမီးကတော့ “မြောက်ပိုင်းတိုင်းကိုပဲပြောပြီး သူတို့ အားလုံး မောင်းလာတာလေ။ ရွှေမင်းရဲ့ ပြည်သူ့စစ်တွေ ကြို(ပစ်)လိုက်တာ။ ကေအိုင်တွေနဲ့ ဖြစ်တာက ရှေ့နေ့တုန်းက ဖြစ်တာ။ အဲဒါက သပ်သပ်လေ။ ကေအိုင်အေတွေနဲ့ ဖြစ်တာက ရေတံခွန်နားမှာ” လို့ သူက ရှင်းပြပါတယ်။

ကံပိုင်တည်-မြစ်ကြီးနား ကုန်သွယ်ရာလမ်းဟာ တရုတ်နိုင်ငံနဲ့ ကချင်ပြည်နယ်ရဲ့ အဓိက ကုန်သွယ်ရာ လမ်းမတခု ဖြစ်ပြီး ကံပိုင်တည် ကုန်သွယ်ရေးစခန်းကနေ ဇွန်လ ပထမပတ်အတွင်း အဓိက ပို့ကုန်အဖြစ် တစ်သျှူးငှက်ပျောနဲ့ သံသတ္တုမြေစာတွေ တင်ပို့ပါတယ်။

အဓိက တင်သွင်းတဲ့ သွင်းကုန်ကတော့ ငှက်ပျော ထုပ်ပိုးပစ္စည်းတွေ၊ တခြား ရင်းနှီးမြှုပ်နှံမှု ပစ္စည်းမျိုးစုံ၊ ဆောက်လုပ်ရေး လုပ်ငန်းပစ္စည်းတွေ၊ ပန်းသီး၊ လိမ္မော်သီး၊ လူသုံးကုန်ပစ္စည်းတွေနဲ့ အဝတ်အထည်တွေ ဖြစ်ကြောင်း ကုန်သွယ်ရေးဇုန်က ထုတ်ထားတဲ့ သတင်းအချက်အလက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024