ရန်ကုန်၊ အင်းစိန်မြို့နယ်၊ ကမ်းနားအနောက်ရပ်ကွက် အောင်ဇေယျကြိုးတံတားအောက်မှာ လှိုင်မြစ်ထဲကို မိလ္လာသွန်ဖို့ လှောင်ကန်တည်ဆောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အဲဒီလှောင်ကန်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တည်ဆောက်နေတာဖြစ်ပြီး ရပ်ကွက်ဘေးမှာ ကပ်ပြီး တည်ဆောက်နေတာကြောင့် ရပ်ကွက်က ကန့်ကွက်စာတင်ထားတယ်လို့ သိရပါတယ်။
ရပ်ကွက်နေပြည်သူတဦးက “အနံ့အသက်ဆိုးတွေ ထွက်ပြီး ကျန်းမာရေးထိခိုက်မှုတွေ ရှိလာမှာစိုးတာရယ်၊ လှောင်ကန်ပေါက်ရင် မလ္လာတွေ ရပ်ကွက်ဝင်လာမှာကို စိုးရိမ်နေကြလို့ ကန့်ကွက်စာတင်ထားပါတယ်”လို့ ပြောပါတယ်။
ဒီလိုကန့်ကွက်စာတင်ထားပေမဲ့ အဲဒီလှောင်ကန်ကို စည်ပင်က ဆက်လက် တည်ဆောက်နေဆဲဖြစ်ပြီး ဆန္ဒပြ တောင်းဆိုဖို့ဆိုတာလည်း စစ်တပ်အာဏာသိမ်းထားတဲ့ အခုခေတ်အခြေအနေအရ မဖြစ်နိုင်ဘူးလို့ ဒေသခံက ပြောပါတယ်။
ရန်ကုန်မှာ လူဦးရေ ထူထပ်များပြားလာတာနဲ့အမျှ အထပ်မြင့်တိုက်တာ အဆောက်အဦတွေလည်း တိုးတက်လာခဲ့ရာ မိလ္လာသိုလှောင်နိုင်မယ့်နေရာတွေ ရှားပါးလာတာကြောင့် ဒီလို မိလ္လာစွန့်ပစ်မယ့်နေရာ တည်ဆောက်ရတာလို့ မြို့နယ်စည်ပင်ရုံးထံက သိရပါတယ်။
မြစ်ချောင်းတွေထဲကို မိလ္လာတွေစွန့်ပစ်တဲ့အတွက်လည်း ရေထုညစ်ညမ်းမှုတွေနဲ့လည်း ကြုံတွေ့နေရတာ ဖြစ်ပါတယ်။