စစ်ကိုင်းတိုင်း၊ ပုလဲမြို့ရှိ မဲဇရပ်ကျေးရွာ အပါအဝင် အနီးအနားရွာ ၅ ရွာက ဒေသခံတွေကို မလေးရှားမှာ အလုပ်အကိုင် ရှာဖွေပေးမယ်ဆိုပြီး ငွေကျပ် သိန်း ၃,၀၀၀ ကျော် လိမ်လည်သွားသူ ၂ ဦးကို တရားခံပြေးအဖြစ် မြို့နယ် ပအဖ က ကြောညာထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မဲဇရပ်ကျေးရွာနေ အောင်ဇော်ထွန်းက လူတဦးကို ကျပ် ၃၈ သိန်းနှုန်းနဲ့ မလေးရှားနိုင်ငံမှာ အလုပ်အကိုင် ရှာပေးမယ်လို့ စည်းရုံးပြောဆိုပြီး ပုလဲမြို့ထဲက အလုပ်လိုအပ်နေတဲ့ ရွာသားတွေဆီက ငွေကျပ် သိန်း ၃,၀၀၀ ကျော် လက်ခံရယူပြီး ထွက်ပြေးတိမ်းရှောင်သွားတာပါ။
အလိမ်ခံခဲ့ရသူ ကိုရန်မျိုးနိုင်က “ကျနော်တို့ဘက်က လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေတော့ သူများတွေဆီကနေ ငွေချေးငွေငှားလုပ်ခဲ့တယ်။ တချို့တွေဆို ရှိတဲ့လယ်ကွက်တွေ ပိုင်ဆိုင်တာတွေ ပေါင်နှံပြီး ငွေချေးခဲ့တာဆိုတော့ အခုဟာ နစ်နာသူတွေက ပြန်မဆပ်နိုင်ဘဲ ခက်ခဲနေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အလိမ်ခံရသူ စုစုပေါင်း ၃၂ ယောက်ရှိပြီး ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ တိုင်ချက်ဖွင့်ထားပါတယ်။ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ စုံစမ်းချက်အရ အောင်ဇော်ထွန်းကို စေခိုင်းသူမှာ ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာက ရဲမွန် ဆိုသူ ဖြစ်တယ်လို့ သိရပြီး အဲ့ဒီ ၂ ယောက်ဟာ ရန်ကုန်မြို့ ဆူးလေဘုရားအနီးနဲ့ ဗဟန်းမြို့နယ်တို့မှာ သွားလာနေပြီး နိုင်ငံခြားကို ထွက်ပြေးတိမ်းရှောင်ဖို့ စီစဥ်နေတယ်လို့လည်း သိရပါတယ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “လိမ်လည်ခံရတဲ့ ပြည်သူတွေက မြို့နယ်တရားစီရင်ရေးအဖွဲ့ကို တိုင်တော့ စစ်ဆေးတယ်။ ပြီးတော့ လိမ်လည်မှုမြောက်တယ်ဆိုပြီး ပေါ်ပေါက်တဲ့အတွက် တရားခံလို့ ယူဆရတဲ့သူကလည်း မြေပြင်မှာမရှိလို့ တရားခံပြေးအဖြစ် ထုတ်ပြန်ကြေညာတာပါ။ မိရင် လိမ်လည်မှုဥပဒေပုဒ်မအရ ကျသင့်တဲ့ ထောင်ဒဏ်ကို ချမှာပါ။ ပုလဲနယ်မှာက အချုပ်ရှိပြီး ထောင်ပါရှိတယ်။ အဲ့ဒါတွေကို တရားရေးအဖွဲ့က ဆောင်ရွက်မှာပါ” လို့ ပြောပါတယ်။
အလိမ်ခံရသူတွေဟာ ငွေချေးထားတဲ့ အကြွေးတွေကို ပြန်ဆပ်ဖို့အတွက် တခြား ရရာအလုပ်တွေကို လုပ်ကိုင်နေရပြီး လိမ်လည်သူတွေကို ပုလဲမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့က အလိုရှိတရားခံအဖြစ် ထုတ်ပြန် ကြေညာထားပါတယ်။