တနင်္သာရီတိုင်း ကော့သောင်းမြို့မှာစစ်ကောင်စီဂိတ်အနီး ကုန်မာဆိုင်အရှေ့မှာ ဖုန်းအသုံးပြုနေတဲ့ သုံးဘီးဘေးတွဲဆိုင်ကယ် အငှားယာဥ်မောင်း ၁ ဦးကို စစ်ဆေးရေးဂိတ်မှ လာရောက် ဖမ်းဆီးခေါ် ဆောင်သွားတယ်လို့မြို့ခံပြည့်သူတွေဆီကသိရပါတယ်။
ဇွန် ၂၃ ရက် မနက် ၁၀ နာရီက ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက်၊ မြရည်ပုလဲလမ်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရှေ့ စစ်တပ်က ဂိတ်ချ စစ်ဆေးနေတဲ့အချိန် ကုန်မာဆိုင်ရှေ့က သုံးဘီးဘေးတွဲဆိုင်ကယ် အငှားယာဥ်မောင်း တယောက်က ဖုန်းအသုံးပြုနေတာကို သူတို့ရဲ့ စစ်ဆေးရေးဂိတ်ကို ဓာတ်ပုံရိုက်တယ်လို့ဆိုကာ ဖမ်းဆီးသွားတာလို့ ပြောပါတယ်။
ရပ်ကွက်နေသူ တဦးကတော့" ဒီဂိတ်အနီးနားက ကုန်မာဆိုင်ရှေ့မှာ ဖေ့စ်ဘွတ်ခ်သုံးနေတာပါ။ ဒါကို ဂိတ်နေရာကို ဓာတ်ပုံရိုက်တယ်ထင်ပြီးတော့ ဗိုလ်ကြီးအဆင့်ရှိတဲ့သူက လာဖမ်းသွားတာပါ။ ခုထိ တော့ ဆက်သွယ်မရသေးလို့မိသားစုတွေစိတ်ပူနေကြတယ်”လို့ပြောပါတယ်။
ဖမ်းဆီးခံရသူမှာ ရွှေပြည်သာရပ်ကွက်၊ ဘဝကျွန်းအောက်ဂျိုင့်မှာ နေထိုင်တဲ့ ဦးဝင်းဇော်ဦးဆိုသူ ဖြစ်ပြီးတော့ သုံးဘီးဘေးတွဲဆိုင်ကယ် အငှားယာဥ်မောင်းသမားဖြစ်ကာ စစ်ကောင်စီဂိတ်အနီးရှိ ကိုသားကြီးကုန်မာဆိုင်ရှေ့မှာ ဖေ့ဘွတ်ခ်အသုံးပြုနေစဉ် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။
သုံးဘီးဘေးတွဲ ဆိုင်ကယ်အငှားယာဥ်မောင်းသူကို စစ်ကောင်စီက ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးပေမဲ့ မိသားစုကတော့ သူဘယ်မှာ ရှိနေလဲဆိုတာ သိရဖို့ လိုက်လံစုံစမ်းနေနေကာ စိုးရိမ်ပူပန်နေရတယ်လို့သိရပါတယ်။