တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ မြိတ်မြို့မှာ ဇွန် ၂၃ ရက် မနက်က PDF အပါအဝင် လက်နက်ကိုင်ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေထဲရောက်ရှိနေသူတွေ ဥပေဒေဘောင်ထဲကို ပြန်လည်ဝင်ရောက်ဖို့ ဖိတ်ခေါ်တဲ့ လက်ကမ်းစာစောင်တွေကို စစ်ကောင်စီက လိုက်ဝေနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြိတ်မြို့မှာရှိတဲ့ မြို့သစ်ဈေးနဲ့ တိုးချဲ့ဈေးတွေမှာ “အိမ်ပြန်လမ်းလက်ကမ်းအတွက် ဖိတ်ခေါ်သံ”ခေါင်းစဉ်ပါ လက်ကမ်းစာစောင်တွေကို ရဲတပ်ဖွဲ့၊ မီးသတ်ဌာန၊ ယာဉ်ထိန်းရဲ၊ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေက လိုက်နေတာလို့ ဆိုပါတယ်။
မြို့ခံအမျိုးသားတဦးက “ဘယ်လိုပုံစံမျိုးပဲ စည်းရုံးစည်းရုံး စကစကို မယုံကြည်တော့ဘူး။ သူတို့ လုပ်ခဲ့သမျှက အခုလက်ရှိအခြေအနေအထိ အဆိုးတွေချည်းပဲ့လေ။ အဲဒီလိုလိုက်လုပ်နေတာ အပိုအလုပ်တွေပဲလို့ မြင်တယ်။”
PDF အပါအဝင် ဥပဒေပြင်ပရှိ အဖွဲ့အစည်းတွေထဲကနေ ဥပဒေဘောင်အတွင်း ပြန်လည်ဝင် ရောက်လာသူတွေထဲ လက်နက်/ခဲယမ်းပါရှိသူတွေကို ဆုကြေးငွေ ပေးအပ်သွားမယ်လို့ လက်ကမ်းစာစောင်ထဲမှာ ရေးသားထားပါတယ်။
မြို့ခံတဦးက “သူတို့လက်ကမ်းစာစောင်မှာ ပြထားတဲ့ အလင်းဝင်လာသူ ၂ ဦးဆိုတာကလည်း တတိုင်းလုံးမှာရှိတဲ့ PDFအချိုးကျနဲ့ တွက်လိုက်ရင် အဲလူတွေက ဘယ်လောက်မှ မရှိဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့မှာလည်း ကော့သောင်းမြို့၊ မြို့လည်အဝိုင်းပတ်မှာ စစ်ကောင်စီက “အိမ်အပြန်လမ်းအတွက် ဖိတ်ခေါ်သံ” ခေါင်းစဉ်နဲ့ လက်ကမ်းစာစောင်တွေ လိုက်ဝေခဲ့တယ်လို့ သိရပါတယ်။