မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း လုံခြုံရေးကို အကြောင်းပြပြီး အမြန်လမ်း မိုင်တိုင်နေရာအနှံ့အပြားမှာ စစ်တပ်၊ အမြန်လမ်းရဲတပ်ဖွဲ့တို့ ပေါင်းပြီး စစ်ဆေးရေးဂိတ်တွေ ပြုလုပ်ကာ ခရီးသွာပြည်သူတွေဆီကနေ နည်းမျိုးစုံဖြင့် ငွေတောင်းခံနေတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။
မကွေးခရီးသည်တဦးက“အမြန်လမ်းတွေမှာ စစ်တပ်နဲ့ ရဲက လုံခြုံရေးအမည်ခံပြီး ကားပေါ် တက်လာပြီး မှတ်ပုံတင်တောင်းတယ်။ မပါရင် အောက်ကို ဆင်းခိုင်းပြီး ပိုက်ဆံတောင်းကြတာ။ ကျပ် ၅၀၀၀ က အနည်းဆုံးပဲ၊ ခရီသွားရတာ တော်တော် ဒုက္ခရောက်တယ်။ ဝင်ငွေရမှန်းသိတော့ နေရာတိုင်းလိုလို စစ်ဆေးရေးတွေ လုပ်နေတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ဆေးရေး ဂိတ်မှာလည်း ခရီးသည်တွေကို မှတ်ပုံတင်ကိုင်ပြီး အောက်ဆင်းခိုင်းကာ ၊ တန်းစီစောင့်ဆိုင်းရတဲ့အပြင် ယာဉ်တွေမှာ သယ်ဆောင်လာတဲ့ ပစွည်းတွေ စစ်ဆေးမှုတွေကြောင့် လမ်းခရီးအချိန်ပိုမိုကြန့်ကြာနေတာမျိုးလည်း ကြုံနေရပါတယ်။
ခရီးသည်တဦးက “စစ်ဆေးရေးဂိတ် ရောက်ပြီဆိုရင် ဖုန်းမပြောကြဖို့ ၊ မကြောက်လန့်ကြဖို့ ပြီးတော့ သူတို့ကိုလည်း မကြည့်မိအောင်နေကြဖို့ ယာဉ်စထွက်တော့ စပါယ်ယာတွေကသတိပေးတယ်။ သူတို့ဘာသာ စစ်ဆေးရေးဂိတ်တွေမှာ စကားပြောမယ်ပေါ့၊ တချို့နေရာတွေဆိုရင်တော့ မှတ်ပုံတင်ကိုင်ပြီး တန်းစီအနေအထားနဲ့ နေရတယ်။ ဓာတ်မီးနဲ့ လိုက်ထိုးကြည့်တယ်၊ ယောကျ်ားလေးတွေဆို မှတ်ပုံတင်ပါရင်တောင် အာဏာပြတာမျိုးကြုံခဲ့ရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဌာနက ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်နေ့ကစပြီး မှတ်ပုံတင်အစား ထောက်ခံစာပြသပြီး ခရီးသွားလာမှုတွေ ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားလို့ မှတ်ပုံတင် လက်ဝယ်မရှိသူတွေ ခရီးသွားလာရေးတွေမှာ အခက်အခဲတွေ ကြုံနေရပါတယ်။