တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ဘန်းကချွန်ကျေးရွာအုပ်စု၊ ရေငန်းချိုင်ရွာမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပျူစောထီးခေါင်းဆောင်နေအိမ်နဲ့ ကင်းစခန်းကို ဇွန် ၂၂ ရက် မနက် ၁ နာရီလောက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပကဖ (ကော့သောင်းမြို့နယ်) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“ပျူခေါင်းဆောင်နေအိမ်က ရွာထဲဘက်မှာရှိတယ်။ ကင်းစခန်းက ရွာလယ်လမ်းဆုံမှာပါ။ အဲနှစ်ခုစလုံးကို ကျနော်တို့က ဝင်တိုက်တယ်။ ကင်းစခန်းကိုတော့ မီးရှို့ခဲ့တယ်။ ကျနော်တို့ဘက်က ထိခိုက်မှုမရှိ ပြန်ဆုတ်နိုင်ခဲ့တယ်” လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံက ပြောပါတယ်။
ပျူစောထီးခေါင်းဆောင် ဦးစိန်သန်းကို နေအိမ်မှာ ရှင်းလင်းခဲ့ပြီး ဒုပျူစောထီးခေါင်းဆောင် ဦးဝမ်းနဲ့ ပျူစောထီးတပ်စုမှူး သန့်ဇင်တို့ကိုတော့ ကင်းစခန်းမှာ ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ပျူစောထီးနေအိမ်နဲ့ ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာမှာ လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိပြီး WY ခေါ် စိတ်ကြွမူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆက်စပ်ပစ္စည်းတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်လို့ ပကဖတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
ကော့သောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ပြည်သူလူထုအား ခြိမ်းခြောက်၊ နှောင့်ယှက်ဖမ်းဆီးသော ဖြစ်စဉ်တွေ များပြားလာပါက စကစရဲ့ ထောက်တိုင်တွေ၊ ပျူစောထီးတွေ၊ ဒလန်သတင်းပေးတွေအား ပကဖ(ကော့သောင်းမြို့နယ်)အဖွဲ့က ဆက်လက်ချေမှုန်း ရှင်းလင်းသွားမည်လို့ ရေးသားထားပါသေးတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီးတဝိုက်မှာ ဇွန် ၂၁ ရက်ညကစပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၂၁ ရက် ည ၁၁ နာရီလောက်က ကလိန်အောင်မြို့အတွင်း ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးစုပေါင်းရုံး အဆောက်အဦ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီးနောက် မီးသတ်ကားတွေရောက်လာပြီး မီးငြှိမ်းသတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဇွန် ၂၂ ရက်ညနဲ့ ၂၃ ရက်မနက်အစောပိုင်းတွေမှာလည်း ကလိန်အောင်မြို့အနီးက ခမရ ၄၀၈ စစ်ကောင်စီတပ်ရင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဇွန် ၂၃ ရက် မနက်ကလည်း အရပ်သားကား ၃စီးကို အချောဆွဲလာတဲ့ စစ်ကောင်စီယာဉ်တန်း ရေး-ထားဝယ် ကားလမ်းပေါ်ရှိ ရေပုံးရွာအနီး မိုင်းဆွဲခံရတာကြောင့် ကားတစီး ဦးခေါင်းပိုင်း ပျက်စီးသွားခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသေးတယ်။
ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် ကလိန်အောင်မြို့ပေါ်က စာသင်ကျောင်းတွေကို ဇွန် ၂၃ ရက် မနက်မှာ ပိတ်ခဲ့တယ်လို့ သိရပါတယ်။
"မိဘအများစုက ကျောင်းမလွှတ်တော့ဘူး။ ထွေအုပ်ရုံးနဲ့စာသင်ကျောင်းက နီးပြီး လုံခြုံရေးအတွက်လည်း စိတ်မချရဘူး။ မနက်က (ဇွန် ၂၃) ကျောင်းသွားတဲ့ ကလေးတွေကိုလည်း ကျောင်းက ပြန်လွှတ်လိုက်တယ်။ စနေ၊ တနင်္ဂနွေကလည်း ဆက်နေတော့ ဘယ်နှရက်ပိတ်မလဲဆိုတာကိုတော့ စောင့်ကြည့်ရမယ်။ ညက (ဇွန်လ ၂၃) အထိလည်း မြို့ထဲ သေနတ်သံတွေ ကြားနေရသေးတယ်" လို့ ကလိန်အောင်မြို့နေ ကျောင်းသားမိဘတဦးက ပြောပါတယ်။
ဇွန် ၂၁ ရက်စပြီး ဖြစ်နေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။