ကချင်ပြည်နယ် မိုးညှင်းခရိုင် ကာမိုင်းမြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ဇွန် ၂၂ မနက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကောင်ရာရပ်ကွက် မူလတန်းကျောင်းအနီး စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို အမည်မသိအဖွဲ့က လာရောက် ဗုံးခွဲခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
"မနက် ၈ နာရီလောက် ဗုံးပေါက်တာ။ ဗုံးပေါက်တဲ့ စစ်တပ်ဂိတ်နားမှာ မူလတန်းကျောင်းရှိတယ်။ ကလေးတွေ ကျောင်းတက်ချိန် ဖြစ်တာဆိုတော့ ကျောင်းရောက်တဲ့ ကလေးတွေက ကျောင်းမှာနေ၊ ကျောင်းမရောက်သေးတဲ့ ကလေးတွေက အိမ်မှာနေပေါ့။ ထိခိုက်မှုတော့ မဖြစ်ပါဘူး။ ဘယ်အဖွဲ့အစည်းက ဗုံးခွဲလဲတော့မသိရဘူး။"
ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ ဂိတ်စခန်းဟာ ရံဖန်ရံခါမှသာ စစ်ကောင်စီတပ် လာရောက်အထိုင်ချ စစ်ဆေးတဲ့ စခန်းတခုဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက် သေဆုံးသူ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ကာမိုင်းမြို့နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားလို့ အုပ်ချုပ်ရေး ဝန်ထမ်း ၂ ဦး သေဆုံးခဲ့ပါသေးတယ်။
ဇွန် ၂၁ ရက်နေ့လယ်က မိုးညှင်းမြို့မရဲခန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ကုန်စုံဆိုင်တခုတို့ကို မိုးညှင်းပြည်သူ့ကာကွယ်ရေးတပ် KPDF က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"နေ့လယ် ၃ နာရီလောက်က PDFက လှမ်းပစ်တာ။ ရဲစခန်းရယ်၊ ထွေအုပ်ရုံးရယ်၊ ရွှေမောင်း ကုန်စုံဆိုင်ရယ် လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ ကုန်စုံဆိုင်က စစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်နေလို့ အပစ်ခံရတာ။ ထိခိုက်မှုတော့ရှိနိုင်တယ်။ လုံခြုံရေးတွေချ စစ်ဆေးတာတွေ လုပ်နေတော့ ထိခိုက်ဆုံးရှုံးမှု တိတိကျကျ မသိရဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။
မြို့နယ်ထွေအုပ်ရုံး မြို့မရဲစခန်းနဲ့ ကုန်စုံဆိုင်ကို မိုးညှင်း ပြည်သူ့ကာကွယ်ရေး (KPDF)က ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူတွေ ထိတ်လန့်မှုဖြစ်ပွားခဲ့ပါက တောင်းပန်ကြောင်း၊ စစ်ကောင်စီနဲ့ဆက်စပ်တဲ့နေရာတွေ၊ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေကို ပြည်သူတွေ သတိထားရှောင်ရှားသွားလာကြဖို့ ထုတ်ပြန်ထားပါတယ်။
ပစ်ခတ်တိုက်ခိုက်ခံရမှု ဖြစ်ပွားအပြီး စစ်ကောင်စီတပ်က ကန်တော်ကုန်း၊ ထန်းတပင်၊ မြို့ရှောင်လမ်း၊ အုတ်ကျင်း၊ ရွှေပေါက္ကံ စတဲ့နေရာတွေမှာ သွားလာသူတွေကို စစ်ဆေး မေးမြန်းခဲ့ပြီး မြို့တွင်းမှာလည်း လုံခြုံရေးတင်းကျပ်ခဲ့တယ်လို့ သိရပါတယ်။