Home
မြန်မာသတင်း
ထီးလင်းတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရ
DVB
·
June 22, 2023
355675993_291101313376292_9192604795640369224_n

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ ဇွန် ၂၁ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း မိုင်းထောင်တိုက်ခိုက်ခံရပြီး ၅ ယောက်သေဆုံးကာ ၁၀ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဂန့်ဂေါခရိုင်တပ်ရင်း ၁၅၊ ၁၆၊ ၁၇ YRA-ထီးလင်းကနေ သိရပါတယ်။

YRA-ထီးလင်း ခေါင်းဆောင် သခင်ဇော်က “ထီးလင်းကနေ ရွှေအောင်သာဘက်ကိုသွားတဲ့ စစ်ကြောင်းဟာ သရခါအကျော်နားလောက်မှာ မနေ့က ဇွန်လ ၂၁ ရက်နေ့ မနက် ၈ နာရီခွဲလောက်မှာ ကျနော်တို့ဘက်က ထောင်ထားတဲ့မိုင်း ကွဲခဲ့တာပါ။ မိုင်းကတော့ သူတို့အားနည်းချက်ပေါ့။ မိုင်းတွေ့လို့ရှိရင် သူတို့ဖြတ်တာတွေ ဖြုတ်တာတွေ အမြဲတမ်းလုပ်တော့ အဲဒီလို ဖြုတ်တဲ့အချိန် ကွဲအောင်လို့ ကျောက်ဆောင်ကြားထဲမှာ ထောင်ထားတဲ့ မိုင်းအကြီးတလုံး ပေါက်ကွဲခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မိုင်းကွဲပြီးတော့ နောက်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ နေရာယူတဲ့အချိန်မှာ လမ်းဘေးဝဲယာတွေမှာ ထောင်ထားတဲ့ တိုက်မိုင်းတွေကို တိုးမိပြီး အဲဒီနေရာမှာပဲ ၃ ကြိမ် ဆက်တိုက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီစစ်ကြောင်းကတော့ အင်အား ၁၂၀ ဝန်းကျင်လောက် လာတာဗျ။ ကျနော်တို့ စုံစမ်းသိရှိရတာကတော့ စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးပြီး ၁၀ ယောက်လောက် ဒဏ်ရာရရှိခဲ့လို့ ထီးလင်းမြို့ပေါ်ကနေ သရခါရွာကို ဖောကားတစီးနဲ့ အလောင်းနဲ့ လူနာတွေကို လာတိုက်သွားတာကို မြင်တွေ့ခဲ့ရတယ်။”

စစ်ကြောင်းကတော့ မနေ့က မိုင်းကွဲခဲ့တဲ့နေရာ အနားတဝိုက်မှာ နေရာယူထားကြပြီး ဒီနေ့ ဇွန် ၂၂ ရက် မနက်ပိုင်းမှ အောင်းကျေးရွာဘက်ကို ရောက်နေတယ်လို့ သတင်းရကြောင်း ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024