ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)က တပ်ဦးရဲဘော်တွေ အတွက် ၁၅ ရက် တကြိမ် တပ်ဦး စာစဉ်ကို ထုတ်ဝေနေတယ်လို့ PRF ပြောရေးဆိုခွင့်ရှိသူထံက သိရပါတယ်။
နိုင်ငံရေးအတွေးအခေါ် ပြည့်ဝဖို့ တပ်တွင်းလေ့လာရေးအစီအစဥ်အနေနဲ့ ၁၅ ရက် တကြိမ် တပ်ဦးစာစဥ်ကို ထုတ်ဝေနေပြီး အဲဒီစာစဥ်မှာ တော်လှန်စစ်အတွေးအခေါ်တွေ၊ ရေရှည်စစ် သဘောတရားတွေ၊ လူထုစည်းရုံးရေးနည်းနာတွေ၊ သရော်စာတွေ၊ ကဗျာ၊ဆောင်းပါးတွေနဲ့ ဝေဝေဆာဆာ ထည့်သွင်းဖော်ပြထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရက်သတ္တပတ်ကို ၂ ကြိမ်လောက် တော်လှန်ရေးရုပ်ရှင်တွေလည်း အတုယူဖွယ်ရာ ပြသနေတယ်လို့လည်း ပြောပါတယ်။
ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်လွန်းညီက “တပ်ဦးရဲ့ ဗဟိုဝါဒဖြန့်ချိရေးနဲ့ ဘာသာပြန်ဌာနက ဦးဆောင်ပြီး စာစဥ်ထုတ်ဝေတာတွေ၊ ရုပ်ရှင်ပြတာတွေ လုပ်နေပါတယ်။ ဒါက တော်လှန်စစ်အတွေးအခေါ်ပေါ်မှာ ညီညီညွတ်ညွတ်နဲ့ ခိုင်မာစွာ ရပ်တည်နိုင်ဖို့ပါ။ ပြည်သူ့တော်လှန်ရေးတပ်တခု ဖြစ်ထွန်းလာဖို့ ရည်ရွယ်ပါတယ်”လို့ ပြောပါတယ်။
တပ်ဦးရဲဘော်သစ်တွေကို နိုင်ငံရေးမှူးတွေက ဦးဆောင်ကာ ညစဥ် နိုင်ငံရေးသင်တန်းပို့ချနေပြီး တပ်တွင်း ပုံမှန်နိုင်ငံရေးဆွေးနွေးပွဲအနေနဲ့ စစ်ဘက်ဆိုင်ရာနိုင်ငံရေးဌာနက ဦးဆောင်ကာ မျက်မှောက် ပြည်တွင်း၊ ပြည်ပနိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးပွဲ ပုံမှန်ကျင်းပနေကြောင်း သတင်းရရှိပါတယ်။