ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဦးမြို့နယ်နဲ့ ကျောက်တော်မြို့နယ်တို့မှာ ဇွန်လ ၁၆ ရက် တစ်ရက်တည်းမှာ မိုးကြိုးပစ်ခံရလို့ အမျိုးသား သုံးဦးနဲ့ အမျိုးသမီးတဦးသေဆုံးသွားပြီး အမျိုးသမီးတယောက်က ဆေးကုသမှုခံယူနေရတယ်လို့ မိသားစုဝင်တွေနဲ့ ကျေးရွာသားတွေဆီက သိရပါတယ်။
သေဆုံးသွားသူတွေကတော့ ပုဏ္ဏားကျွန်းမြို့နယ် ဝမ်းဒီးကျေးရွာက ကိုလုံးချေ (၂၇ နှစ်)၊ မင်းဇီချောင်းကျေးရွာက မခိုင်ဇာနေဝင်း (၂၉ နှစ်)၊ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာက မောင်ရဲကြီးအောင် ( ၁၈ နှစ်)တို့နဲ့ မြောက်ဦးမြို့နယ် သူငယ်တော်ကျေးရွာက ဦးအေးသိန်းထွန်း(၄၅ နှစ်) တို့ဖြစ်ကြပြီး ဒဏ်ရာရရှိသူတစ်ဦးက ကျောက်တော်မြို့နယ် အောင်ဇေယျကျေးရွာသူ ဒေါ်ရွှေမြစိန်( ၄၃ နှစ်) ဖြစ်ပါတယ်။
မင်းဇီးချောင်းကျေးရွာမှာ မိုးကြိုးပစ်ခံရပြီး သေဆုံးသွားတဲ့ မခိုင်ဇာနေဝင်းနဲ့ မောင်ရဲကြီးအောင်တို့ ဇွန် ၁၆ ရက် ညနေ့ ၄ နာရီခွဲလောက်က လယ်မှရွာသို့အပြန်မှာ မိုးကြိုးပစ်ခံရပြီး သေဆုံးသွားတာလို့ ကျေးရွာသား တယောက်က ပြောပါတယ်။
“သူတို့ နှစ်ယောက်က မရီးနဲ့ မတ် တော်စပ်ကြတယ်။ ယောက်ကျားဖြစ်သူ မလေးရှားမှာ အလုပ်လုပ်နေတာကြောင့် မတ်ဖြစ်သူက မရီးဖြစ်သူနဲ့အတူ လယ်လာလုပ်နေတာ။ မနေ့က ညနေ့ ၄ နာရီခွဲလောက်မှာ လယ်နေက ရွာသို့အပြန်မှာ မိုးကြိုးပစ်ခံရပြီး နှစ်ယောက်လုံး အဲဒီနေရာမှာ သေသွားကြတာ”လို့ပြောပါတယ်။
အခု သေဆုံးသွားသည့် မခိုင်ဇာနေဝင်းမှာ အသက် ၂ နှစ်အရွယ်ရှိ သမီးငယ်တစ်ဦး ကျန်ရှိခဲ့ပါတယ်။
မြောက်ဦးမြို့နယ် သူငယ်တော်ကျေးရွာက ဦးအေးသိန်းထွန်းကတော့ မနက့်ညနေ ၄ နာရီခွဲ့လောက်က သူဌားရမ်းလုပ်ကိုင်နေတဲ့ လယ်အနီးရှိ ချောင်းစပ်မှာ ဂဏန်းရှာနေစဉ် မိုးကြိုးပစ်ခံရပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ကျေးရွားသား တစ်ဦးကပြောပါတယ်။
"သူက ရွာရဲ့အနီး "ပန်သမ" လို့ခေါ်တဲ့ လယ်ကိုငှားရမ်းပြီး လုပ်ကိုင်နေတာ။ အဲဒီလယ်အနီးက ချောင်းမှာ ဂဏန်းနှိက်နေတုန်းမှာ မိုးကြိုးပစ်ခံရပြီး သေဆုံးသွားတာဖြစ်တယ်" လို့ပြောပါတယ်။
ကျောက်တော်မြို့နယ် အောင်ဇေယျကျေးရွာမှာလည်း ဇွန်လ ၁၆ ရက် ညနေ ၃ နာရီ ခွဲ့ခန့်က လယ်မှာ အလုပ်လုပ်နေချိန်တွင် အမျိုးသမီး တစ်ဦး မိုးကြိုးပစ်ခံခဲ့ကြပြီး ကျောက်တော်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရတယ်လို့ ကျေးရွာ တာဝန်ခံ ကိုမြမောင်က ပြောသည်။
“ သူက အလုပ်သားတစ်ဦးနဲ့ လယ်လုပ်နေကြတာပါ။ အဲဒီမှာ မနေ့က ညနေ့ပိုင်းမှာ လယ်ကန်းသားဆည်နေတုန်းမှာ မိုးကြိုးပစ်လိုက်တာလို့ သိရတယ်။ ဒဏ်ရာတွေကတော့ ဘယ်ဖက်နားထင်၊ ရင်ဖက်တွေနဲ့ ပေါင် နှစ်ချောင်းလုံးမှာ လောင်ကျွမ်းသွားတဲ့ ဒဏ်ရာတွေရရှိသွားတယ်။ မနေ့ကညနေကတော့ သတိမရဘူး။ ဒီနေ့မနက်ပိုင်းက သတိပြန်လည် ရရှိလာပြီး ရေတွေလည်း သောက်လို့ ရနေပြီလို့ သိရတယ်”လို့ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မိုခါ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ် ခဲ့ပြီးတဲ့နောက် မိုးကြိုးပစ်ပြီးသေဆုံးသူ ၈ ဦးအထိရှိလာပြီး ဒဏ်ရာရရှိသူ ၂ ဦးရှိလာပါတယ်။
မုန်တိုင်းအလွန် တလအတွင်းမှာ ရခိုင်ပြည်နယ်မှာမိုးကြိုးပစ်ခံရပြီး ကျောက်ဖြူမြို့နယ်မှာ အမျိုးသားတစ်ဦး၊ ရမ်းဗြဲမြို့နယ်မှာ ကျောင်းသား နှစ်ဦး၊ ရသေ့တောင်မြို့နယ်မှာ ကလေးတစ်ဦး၊ မြောက်ဦးမြို့နယ်မှာ အမျိုးသားတစ်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသား နှစ်ဦး နှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ကျောက်ဖြူမြို့နယ်နဲ့ ကျောက်တော်မြို့နယ်တို့မှာ အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။
မုန်တိုင်းအလွန်မှာ ရခိုင်ပြည်နယ်အပါဝင် မုန်တိုင်သင့် ဒေသတချို့မှာ မိုးရွာတာနဲ့အတူ လျှပ်စီးလက်ပြီး မိုးကြိုးပစ်နိုင်တာကြောင့် လျှပ်စစ်ပစ္စည်းတွေနဲ့ ဝေးရာမှာ နေသင့်တယ်လို့ မိုးဇလ က အကြံပြုထားပါတယ်။