မကွေးတိုင်း၊ ရေနံချောင်းမြို့မှာ ဇွန် ၁၆ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ဆေးရေးဂိတ်နဲ့ မြို့မရဲစခန်း တိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံးကာ ဒဏ်ရာရသူတွေရှိနိုင်တယ်လို့ ရေနံချောင်းဖေကံကောင်း တပ်ဖွဲ့ကနေ သိရပါတယ်။
ရေနံချောင်းမြို့ မြို့ရှောင်လမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ယာကြီးပြင်စစ်ဆေးရေးဂိတ်ကို မနေ့မနက် ၅ နာရီလောက်မှာ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ဘဏ်ကရှေ့မှာရပ်နေတဲ့ စစ်ကောင်စီ တပ်သားတယောက် ထိခိုက်တာမြင်ခဲ့ရတယ်လို့ ရေနံချောင်းဖေကံကောင်းတပ်ဖွဲ့ရဲ့တာဝန်ခံ ကိုဖက်တီးက ပြောပါတယ်။
တပြိုင်နက်ထဲမှာဘဲ ရေနံချောင်းမြို့မရဲစခန်းကိုလည်း မနက် ၆ နာရီလောက်မှာ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ရဲ နှစ်ယောက်သေဆုံးခဲ့ ပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးတဲ့ နောက်ပိုင်းမှာ စစ်ကောင်စီရဲ့ Mi35 တိုက်ခိုက်ရေး ရဟတ်ယာဥ်တစီး ရေနံချောင်းမြို့ပေါ်မှာဝဲနေပြီး PDF ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့ CGF၊ ချောက်ပကဖ၊မကွေးမြို့နယ် ပြောက်ကျားတပ်ဖွဲ့ -MGW တို့နဲ့ အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီ တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။