ပြည်တွင်း ရွှေစျေးနှုန်းတည်ငြိမ် ကျဆင်းစေဖို့အတွက် မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ဇွန်လ ၁၆ ရက် နေ့လယ်က စတင်ပြီး အသင်းသားမဟုတ်သူတွေကို ရွှေရောင်းချပေးသွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
အသင်းသားတွေက လွဲပြီး မည်သူမဆိုမှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားယူဆောင်လာပြီး မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းရုံးမှာလွတ်လပ်စွာ လာရောက်၀ယ်ယူနိုင်တယ်လို့ အသင်းက အသိပေး ထုတ်ပြန်ထားတာပါ။
ဒီနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သား ရည်ညွှန်းဈေးက ၂၃၀၆၇၀၀ ကျပ်ရှိပြီး ပြင်ပဈေးကွက်မှာအခေါက်ရွှေ ပေါက်ဈေးက ၁ ကျပ်သားကို ကျပ် ၃၁ သိန်းကျော်ထိ ရှိပါတယ်။ အမေရိကန်ဒေါ်လာဈေးကလည်း ၁၉၇၅ ဒေါ်လာထိ ရောက်ရှိနေပြီး တစ်ရိပ်ရိပ်မြင့်တက်နေပါတယ်။
ပြည်တွင်းရွှေဈေးကို ဒေါ်လာငွေလဲနှုန်းနဲ့ တွက်ချက်သတ်မှတ်တာဖြစ်လို့ လက်ရှိမှာ ဒေါ်လာငွေလဲနှုန်းမြင့်တက်နေသလို ပြည်တွင်းရွှေဈေးလည်း လိုက်ပါမြင့်တက်နေတာပါ။
ရန်ကုန်မြို့က ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက " အဓိကက ဒေါ်လာဈေးနဲ့ ကမ္ဘာ့ဈေးတက်လို့ ပြည်တွင်းဈေးက လိုက်တက်တာပါ။ အရောင်းအဝယ်ကတော့ မရှိသလောက်အေးပါတယ်"လို့ ပြောပါတယ်။
စစ်ကောင်စီကတော့ ရန်ကုန်နဲ့ မန္တလေးက ရွှေလုပ်ငန်းရှင်တွေကို ခေါ်ယူစစ်ဆေးတာတွေ ပြုလုပ်နေသလို ရွှေဆိုင်တွေနဲ့ ရွှေသန့်စင်လုပ်ငန်းတွေကို ရှောင်တစ်ခွင် ဝင်ရောက် စစ်ဆေးတာတွေ အရေးယူဆောင်ရွက်တာ တွေလည်း ပြုလုပ်နေပါတယ်။
ဒေါ်လာဈေး မြင့်တက်လာတာနဲ့ ပတ်သက်ပြီး လည်း စစ်ကောင်စီ ဗဟိုဘဏ်ကနိုင်ငံခြားငွေ စုဆောင်း ဝယ်ယူသူတွေ၊ ဈေးကစားသူတွေကို အရေးယူမယ် သတိပေးထားပါတယ်။
ဒါ့အပြင် ငွေကြေးစနစ် မတည်ငြိမ်အောင် လုပ်ဆောင်မှုတွေထဲ ပြည်တွင်းဘဏ်တွေ ပါဝင်ပတ်သက်မှု ရှိရင်လည်း အရေးယူမယ်လို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းကလည်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းနဲ့ မန္တလေးတိုင်း၏ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းတို့က ဈေးကွက် ပေါက်ဈေးထက် တစ်သိန်းခွာပြီး သက်သာတဲ့ နှုန်းထားနဲ့ လူတဦးကို ရွှေတကျပ်သားကနေ ၁၀ ကျပ်သားအထိ ရောင်းချပေးခဲ့ပါတယ်။