ဉရောပသမဂ္ဂ (အီးယူ)ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်ပြီး ဩစတြီးယားကုမ္ပဏီတခုက မြန်မာအကြမ်းဖက်စစ်အုပ်စုကို ကူညီထောက်ပံ့ပေးနေတယ်လို့ Justice For Myanmar အဖွဲ့ ပြောပါတယ်။
ဩစတြီးယားကုမ္ပဏီ Diamond Aircraft Industries နဲ့ မြန်မာစစ်အုပ်စုတို့အကြား မြန်မာနိုင်ငံအတွင်း DART-450 လေယာဉ်တပ်ဆင်ရေးနဲ့ ထုတ်လုပ်ရေးစီမံကိန်းရဲ့ အသေးစိတ်အချက်အလက်တွေကို Justice For Myanmar ထုတ်ဖော်ဖွင့်ချလိုက်တာဖြစ်ပြီး ဒီလုပ်ရပ်ဟာ အီးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကို ထင်ထင်ရှားရှား ချိုးဖောက်မှုပဲ ဖြစ်တယ်လို့ ဆိုပါတယ်
DART-450 လေယာဉ်တွေဟာ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတရပ်အဖြစ် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကို အဓိကလုပ်နေကြတဲ့ မြန်မာ့လေတပ် လေယာဉ်မှူးတွေကို လေ့ကျင့်သင်ကြားရေးမှာ ပံ့ပိုးကူညီမှုတွေပေးအပ်မယ့် လေ့ကျင့်ပျံသန်းရေးနဲ့ ကင်းထောက် လေယာဉ်တွေ ဖြစ်ကြပြီး အဆိုပါလေယာဉ်တွေက စစ်အုပ်စုအတွက် ဝေဟင်ထောက်လှမ်းရေး စွမ်းရည်တွေကိုလည်း မြှင့်တင်ပေးပါတယ်။
နည်းပညာရောင်းချလွှဲပြောင်းရေး သဘောတူညီချက်အရ Diamond Aircraft Industries က မြန်မာစစ်အုပ်စုအတွက် လေယာဉ်အစိတ်အပိုင်းပစ္စည်းတွေနဲ့ အပိုပစ္စည်းတွေကို ရောင်းချပေးအပ်ခဲ့ရုံသာမက လေယာဉ်ပြန်လည်တပ်ဆင်ရေးနဲ့ အဓိကအစိတ်အပိုင်းတွေ ထုတ်လုပ်ရေးအတွက် မြန်မာနိုင်ငံကို လာရောက်ပြီး နည်းပညာ အကူအညီတွေပေးခဲ့တဲ့အပြင် ဩစတြီးယားနိုင်ငံမှာလည်း စစ်အုပ်စုအဖွဲ့ဝင်တွေကို လေ့ကျင့်သင်တန်းတွေ ပေးအပ်ခဲ့တယ်လို့ Justice For Myanmar အဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Diamond Aircraft Industries ဟာ ဩစတြီးယားနိုင်ငံအခြေစိုက် လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်ပြီး ကုမ္ပဏီကို ယူကေဦးပိုင်ကုမ္ပဏီတခုကတဆင့် တရုတ်ကော်ပိုရေးရှင်း Wanfeng Aviation Industry က ပိုင်ဆိုင်တာဖြစ်ပြီး Wanfeng Aviation Industry ရဲ့ မူရင်းပိုင်ဆိုင်သူက ရှန်ကျန်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Zhejiang Wanfeng Auto Wheel ကုမ္ပဏီဖြစ်ပါတယ်။
Daimond Aircraft Industries ရဲ့ မြန်မာစစ်အုပ်စုအတွက် ပံ့ပိုးမှုတွေကို စစ်အုပ်စုက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ပြီးနောက်ပိုင်းနဲ့ တခြားသော တိုင်း ရင်းသားလူမျိုးစုဒေသတွေမှာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို ကျူးလွန်နေတုန်းမှာပဲ တစုံတရာ အရေးယူတာမခံရပဲ ပေးအပ် ခဲ့တာ ဖြစ်ကာ အဲဒီစီမံကိန်းကို ၂၀၁၇ ခုနှစ်မှာ စတင်ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ မှာ ယာယီရပ်နားထားရတဲ့အချိန်ထိ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအပေါ် အီးယူရဲ့ ၂၀၁၃ ခုနှစ် လက်နက်ပိတ်ဆို့မှုတွေအရ ပြည်တွင်းဖိနှိပ်ရေးအတွက် အသုံးပြုမယ့် စစ်လက်နက်တွေ၊ အရပ်ဘက်-စစ်ဘက်နှစ်မျိုးသုံးပစ္စည်းတွေနဲ့ ပစ္စည်းကိရိယာတွေကို မြန်မာနိုင်ငံကို တင်သွင်းတာဟာ တရားမဝင်လုပ်ရပ်တွေဖြစ်တဲ့အပြင် စစ်ဘက်ဆိုင်ရာလေ့ကျင့်သင်ကြားရေးနဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေးတွေကိုလည်း တားမြစ်ထားပါတယ်။
Justice For Myanmar က လျှို့ဝှက်မှတ်တမ်းတွေကို ရရှိထားပြီး အဲ့ဒီမှတ်တမ်းတွေမှာတော့ ဒီစီမံကိန်းကို အဆင့် ၆ ဆင့်နဲ့ ဆောင်ရွက်ပြီး စစ်အုပ်စုက အဓိက လေယာဉ် ပစ္စည်းအစိတ်အပိုင်းတွေနဲ့ အပိုပစ္စည်းတွေကို မြန်မာနိုင်ငံအတွင်း ထုတ်လုပ်ပြီး ပြည်တွင်းမှာပဲ တပ်ဆင်မယ့် DART လေယာဉ်တွေကို မြန်မာ့လေတပ်က ရမှာဖြစ်ကြောင်း အတည်ပြု ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအတွင်း DART 450 ထုတ်လုပ်ရေးစီမံကိန်းရဲ့ ပထမအဆင့်မှာ ၂၀၁၉ ခုနှစ်အတွင်း DART-450 လေယာဉ် ၆ စင်းကို ဩစတြီးယားနိုင်ငံမှာ ထုတ်လုပ်ပြီး မြန်မာနိုင်ငံကို လေကြောင်းကနေ ထုတ်ပိုးတင်ပို့ပြီး မြန်မာနိုင်ငံမှာ အပြီးသတ်တပ်ဆင်ဖို့ ဖြစ်ကာ ဩစတြီးယားနဲ့ ဂျာမဏီနိုင်ငံတို့က ပညာရှင်တွေရဲ့ ကွင်းဆင်းကူညီမှုတွေနဲ့ မြန်မာနိုင်ငံ အတွင်းမှာ လေယာဉ်တစင်းတပ်ဆင်တဲ့လုပ်ငန်းတွေ ပြီးမြောက်ထားပြီး ဖြစ်ပါတယ်။
အဲ့ဒီစီမံကိန်းမှာ နိုင်ငံပေါင်းများစွာက ကုမ္ပဏီတွေ ပါဝင်ပတ်သက်နေမှုကို Justice For Myanmar က တွေ့ရှိထားပြီးတော့ သူတို့တွေလည်းပဲ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်ရာရောက်နိုင်တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ အတွင်း DART-450 စီမံကိန်းအတွက် အသုံးပြုခဲ့တဲ့ အဓိကပစ္စည်းအစိတ်အပိုင်းတွေရဲ့ မူရင်းပိုင်ရှင်ဖြစ်ပြီး မြန်မာနိုင်ငံအပေါ် စစ်လက်နက်တင်ပို့မှု ပိတ်ပင်ရေး ပြဋ္ဌာန်းထားတဲ့ နိုင်ငံတွေမှာ အခြေစိုက်တဲ့ ကုမ္ပဏီတွေမှာ Garmin (ဆွစ်ဇာလန်), SIRS Navigation (ယူကေ), Electronics International (အမေရိကန်) နဲ့ Safran (ပြင်သစ်) တို့ ပါဝင်နေတာဖြစ်ပြီး ပစ္စည်းအစိတ်အပိုင်းတွေကိုတော့ Engineered Cramer Composites (ECC) (ဂျာမဏီ) က မြန်မာနိုင်ငံကို ရောင်းချပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
Justice For Myanmar က ရရှိတဲ့ သတင်းအချက်အလက်တွေအရ DART-450 လေယာဉ်တွေမှာ OTUS-U250 အာရုံခံကိရိယာတွေ တင်ဆင်ဖို့အတွက် Diamond Aircraft Industries နဲ့ ဆွီဒင်ကုမ္ပဏီ DST Control AB တို့ အကြား ညှိနှိုင်းဆွေးနွေးမှုတွေကိုလည်း လုပ်ဆောင်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံက မိတ္တီလာ ရှမ်းတဲလေတပ်ဌာနချုပ်မှာ DART 450 လေယာဉ်တွေ ထုတ်လုပ်တပ်ဆင်ရေးအတွက် အသုံးပြုခဲ့တဲ့ ကွန်ပျူတာကိန်းဂဏန်းဆိုင်ရာ ထိန်းချုပ်ရေး စက်တွေရဲ့ မူရင်းထုတ်လုပ်သူကုမ္ပဏီတွေကိုလည်း Justice For Myanmar က တွေ့ရှိထားပြီး အဲဒီကုမ္ပဏီတွေမှာ Schuko (ဂျာမဏီ)၊ Styrotec (Germany) နဲ့ Felder (ဩစတြီးယား) တို့ ဖြစ်ကြတယ်လို့ ဖော်ပြပါတယ်။
Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကတော့ “Diamond Aircraft Industries နဲ့ မြန်မာစစ်အုပ်စုတို့ရဲ့ နက်ရှိုင်းတဲ့ လုပ်ငန်းပတ်သက်မှုက ဩ စတြီးယားအစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် အီးယူက ပြဌာန်းထားတဲ့ စစ်လက်နက်တင်ပို့ရောင်း ချမှုပိတ်ပင်ရေးကို လိုက်နာဖော်ဆောင်ရမယ့်တာဝန်ကို ဆိုးဆိုးရွားရွား ပျက်ကွက်တာ ဖြစ်ပါတယ်။ မြန်မာစစ်အုပ်စုက အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ တရားလက်လွတ် လေကြောင်းတိုက်ခိုက်မှုတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ၊ စစ်ရာဇ ဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို တစုံတရာ အရေးယူခံရခြင်းမရှိပဲ ကျူးလွန်နေချိန်မှာ မြန်မာပြည်သူတွေအပေါ် ဖိနှိပ်ရေးမှာအသုံးပြုဖို့ သေ ချာနေတဲ့ လေယာဉ်တွေကို ပြည်တွင်းမှာတပ်ဆင်နိုင်ဖို့ Diamond Aircraft Industries က ပစ္စည်းတွေရောင်းချပေးအပ်ပြီး မြန်မာစစ်အုပ်စုအဖွဲ့ဝင်တွေကို လေ့ကျင့် သင်ကြားမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်က သီးခြားဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ် တစ်ခုထဲမဟုတ်ပါဘူး၊ ဩစတြီးယားအနေနဲ့ သူတို့ရဲ့ ကုမ္ပဏီတွေကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အုပ်စုရဲ့ တရားမဝင် အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်အုပ်စုဆီ ပစ္စည်းကိရိယာတွေနဲ့ နည်းပညာတွေရောင်းချနေတာကို ရပ်တန့်ဖို့ ပျက် ကွက်ခဲ့တဲ့ ဖြစ်စဉ်အားလုံးရဲ့ အစိတ်အပိုင်း တစ်ရပ် ဖြစ်ပါတယ်။ ဩစတြီးယားအနေနဲ့ မြန်မာနိုင်ငံအပေါ် အီးယူပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်ခဲ့သူအားလုံးအပေါ် အရေးတကြီး စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ဖို့ လိုအပ်ပြီး သူတို့ကို တာဝန်ခံမှုရှိလာအောင် အရေးယူဖို့ လိုအပ်ပါတယ်။ မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ဩစတြီး ယားကုမ္ပဏီတွေနဲ့ နိုင်ငံသားတွေ နောက်ထပ်ကြံရာပါ ပတ်သက်မှုမရှိစေရေး အတွက် တိကျခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ယူကေ၊ ဂျာမဏီ၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ ဆွီဒင်နဲ့ အမေရိကန်တို့အနေနဲ့လည်း မြန်မာစစ်အုပ်စုရဲ့ DART-450 စီမံကိန်းမှာ ပါဝင်ပတ်သက်ပြီး၊ မိမိတို့ သက်ဆိုင်ရာ တရားစီရင်ခွင့် နယ်မြေ အတွင်းရှိကြတဲ့ ကုမ္ပဏီတွေကို စုံစမ်း စစ်ဆေးသင့်ပြီး၊ ဒဏ်ခတ်ပိတ်ဆို့မှု ချိုးဖောက်မှုအားလုံးကို အရေးယူဆောင်ရွက်သင့်ပါတယ်။ အီးယူနဲ့ သူ့ရဲ့မိတ်ဖက်တွေအနေနဲ့ လူသတ်စစ်အုပ်စုဆီ ဥရောပစစ်လက်နက်တွေနဲ့ ပစ္စည်းကိရိယာတွေ နောက်ထပ် လွှဲပြောင်းရောင်းချမှုကနေ ကာကွယ်ဖို့ Miya Win International နဲ့ သူရဲ့ ပိုင်ရှင်ဖြစ်သူတို့ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သင့်ပါတယ်” လို့ ပြောပါတယ်။
မြန်မာခရိုနီကုမ္ပဏီတခုဖြစ်တဲ့ Miya Win International ဟာ Diamond Aircraft စက်မှုလုပ်ငန်းနဲ့ မြန်မာစစ်အုပ်စုကြား ညှိနှိုင်းရေးမှာ ပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့ပြီးတော့ Schiebel Corporation ဆီက မောင်းသူမဲ့ဝေဟင်ယာဉ်တွေ ဝယ်ယူတာ၊ Axis Simulation ဆီက လေယာဉ်မောင်းလေ့ကျင့်ရေးစက်တခု ဝယ်ယူတာအပါအဝင် ဩစတြီးယား နိုင်ငံက တခြားစစ်သုံးပစ္စည်းတွေဝယ်ယူရေးမှာ ပါဝင်ထားလို့ ယူကေနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားပါတယ်။
ဒါကြောင့်မို့ Justice For Myanmar အဖွဲ့အနေနဲ့ Diamond Aircraft Industries အစီအစဉ်နဲ့ သက်သေအထောက်အထားတွေကို ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ထုတ်ဖော်ပြောဆိုရေးနေရာကို ပေးပို့ထားပြီး Diamond နဲ့ ပါဝင် ပတ်သက်တဲ့ ကုမ္ပဏီတွေအပေါ် အလျင်အမြန် စုံစမ်းဆေးပေးဖို့ တောင်းဆိုထားပါတယ်။