Home
မြန်မာသတင်း
ပူတာအိုတွင် တရားမဝင် ရွှေလုပ်ကွက်များကို ဒေသခံများ ဖျက်ဆီး
DVB
·
June 15, 2023
354427187_277658738064367_8901759528928394719_n

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဖတ်မာကျေးရွာမှာ စက်ယန္တရားတွေနဲ့ တရားမဝင် ရွှေတူးဖော်နေတဲ့ ရွှေလုပ်ကွက်တွေကို ဒေသခံပြည်သူတွေက သွားရောက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဖတ်မာချောင်းမှာ စက်ယန္တရားတွေနဲ့ တရားမဝင် ရွှေတူးဖော်နေတာကို ရပ်တန့်ပေးဖို့ တောင်းဆိုနေတဲ့ကြားမှာ လုပ်ငန်းရှင်တွေက ဆက်လက်တူးဖော်နေတဲ့အတွက် ဒေသခံပြည်သူ ၇၀ ကျော်က ဇွန် ၁၂ ရက်မှာ ရွှေလုပ်ကွက်တွေကို သွားရောက်ဖျက်ဆီးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။ 

“ဖတ်မာချောင်းမှာ စက်ယန္တရားတွေသုံးပြီး ရွှေအကြီးအကျယ် တူးနေတာ။ လုပ်ငန်းရှင်တွေက ရပ်ကွက်လူကြီးတွေနဲ့ လက်ဝါးရိုက်ပြီး ရွှေတူးတာ။ အခုက သတ်မှတ်ကာလ ကျော်သွားပြီ။ ရွှေတူးတာတွေ ရပ်တန့်ဖို့ ရပ်ရွာကလူတွေ ခဏခဏ တောင်းဆိုတယ်။ အဲ့ဒါ သည်းမခံနိုင်တော့တဲ့ အခြေအနေ ဖြစ်နေလို့ သွားရောက်ဖျက်ဆီးခဲ့တာပါ” လို့ ပြောပါတယ်။

တရားမဝင် ရွှေတူးဖော်နေတာကို ရပ်ရွာပြည်သူလူထု ကန့်ကွက်နေတဲ့ကြားက ရွှေလုပ်ငန်းရှင်တွေနဲ့ ရပ်ကျေးအဖွဲ့ဝင်တွေ ပူးပေါင်းပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ် ဧပြီလအထိ ရွှေတူးဖော်မှု ခွင့်ပြုပေးခဲ့ကာ အခုအခါ သတ်မှတ်ရက် ကျော်သွားပေမဲ့ ဆက်လက်တူးဖော်နေတဲ့အတွက် သွားရောက် ဖျက်ဆီးခဲ့တာပါ။

ဖတ်မာကျေးရွာ အပါအဝင် လုံဂါယန်၊ လုံဂါဂေါင်၊ ဖတ်မာဒါး၊ ဖတ်မာဒီ၊ ဖတ်မာဇွတ် ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ဖတ်မာချောင်းရေကို သောက်သုံးရေအဖြစ် အသုံးပြုကာ စိုက်ပျိုးမွေးမြူရေးတွေ ပြုလုပ်နေရတာဖြစ်ပါတယ်။

“ဖတ်မာချောင်းကို အမှီပြုပြီး ကျေးရွာတွေက သောက်သုံးရေ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နေရတာ။ အခုက ရွှေတွေ စက်ယန္တရားတွေနဲ့ တူးနေတော့ သောက်သုံးရေမရ၊ စိုက်ပျိုးမွေးမြူရေးအတွက်လည်း အဆင်မပြေ၊ ရေတွေက နောက်ကျိ၊ နွေရာသီဆို ရေခန်းနဲ့ အတော်အဆင်မပြေဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ပူတာအိုမြို့နယ်တွေမှာ ဧရာဝတီမြစ်ရိုးတလျှောက်နဲ့ မလိခမြစ်ရိုးတလျှောက်မှာ စက်ယန္တရားတွေ အသုံးပြုပြီး ရွှေအလွန်အကျွံ တူးဖော်နေတဲ့အတွက် ဒေသတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နေသူတွေ အခက်အခဲ ဖြစ်နေတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်ကလည်း ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာနဲ့ အင်ဂန်းကျေးရွာကြား ဧရာဝတီမြစ်ရိုးတလျောက် စက်ယန္တရားတွေနဲ့ ရွှေတူးဖော်နေတာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပေမဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေကို အခုအချိန်ထိ နေ့ညမပြတ် ဆက်လက်တူးဖော်နေဆဲ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024