မိုခါမုန်တိုင်းဒဏ်ခံလိုက်ရတဲ့ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသက ကျေးရွာပေါင်း ၆၀ လောက်မှာ နေအိမ်တွေ၊ သီးနှံစိုက်ခင်းတွေ ပျက်စီးဆုံးရှုံးခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ကူညီကယ်ဆယ်ရေးအဖွဲ့တွေလည်း ရောက်မလာသေးဘူးလို့ ဒေသခံကူညီကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။
ပိုးရွှီပြင် မဟာမိတ်လူမှုကူညီရေးအသင်း ပြန်ကြားရေးတာဝန်ခံ ကိုအောင်ကျော်က “ကျနော်တို့ တောဖျားဒေသမှာ ရွာပေါင်းက ၆၀ လောက်ရှိပြီး မိုခါမုန်တိုင်းကြောင့် ကျေးရွာတွေက ပျက်စီးဆုံးရှုံးတာများတယ်။ တောဖျားဒေသရဲ့ အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ ကွမ်းခြံတွေ၊ သံပုရာပင်၊ ဒညင်းပင်၊ ငရုတ်ကောင်းစိုက်ခင်းတွေ၊ ဥယျာဥ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်။ ကျေးရွာတော်တော်များများမှာ ယနေ့အချိန်ထိ အမိုးအကာအောက်ကို မရောက်ရှိသေးတဲ့ မိသားစုတွေ များပြားပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး တယ်လီဖုန်း ဆက်သွယ်ရေး အင်တာနက်လိုင်းတွေ မရရှိတာကြောင့် ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ရောက်မလာသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
သီးနှံစိုက်ခင်းတွေအားလုံး ပျက်စီးသွားတာကြောင့် ဒေသခံတွေအနေနဲ့ ဘဝကို သုညကနေ ပြန်စရမယ့် အခြေအနေ ဖြစ်နေပြီး စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အကူအညီရရှိနိုင်ဖို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို မျှော်နေကြကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်နိုင်ဖို့နဲ့ စိုက်ပျိုးရေးနည်းပညာတွေ အကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။
ကန်ချောင်းကျေးရွာနေ မုန်တိုင်းသင့်ပြည်သူ ဦးသိန်းလှိုင်က “ကျနော်တို့ရွာမှာ အဓိက စီးပွားရေးလုပ်ငန်းက တောင်ယာလုပ်ငန်းလုပ်ကိုင်ကြပြီး ကွမ်းစိုက်ပျိုးရေး လုပ်ငန်းတွေလည်း မုန်တိုင်းကြောင့် လဲပြိုသွားတယ်။ လယ်သမားတွေကလည်း လယ်မြေတွေကို ဆားငံရေတွေ ဝင်ရောက်ပြီး ဒီနှစ် လုပ်စားလို့ရမယ့် အခြေအနေ မရှိတော့ဘဲ မျိုးစပါးတွေကလည်း ရေစိုပြီး အားလုံးပျက်စီးသွားတယ်။ ကွမ်းစိုက်ခင်းတခင်းရဲ့ ရင်းနှီးမြှုပ်နှံမှုကတော့ ကွမ်းတိုင်၊ ဝါး၊ မျိုးပင်တွေ အပါအဝင် ၈ သိန်းနဲ့ ၁၀ သိန်းကျပ်ကြားမှာ ရင်းနှီးမြှုပ်နှံကြရပြီး ကျနော်တို့ရွာမှာဆိုရင် ၇၅ ရာခိုင်နှုန်းလောက်က ကွမ်းစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်စားသောက်ကြတယ်” လို့ ပြောပါတယ်။
ဆောင်းရာသီမှာ ဆွတ်ခူးရတဲ့ ငရုတ်ကောင်းစိုက်ခင်းတွေဆိုရင်လည်း အသီးတွေအပွင့်တွေ ပွင့်နေတုန်းအချိန်မှာ မုန်တိုင်းတိုက်ခတ်ခဲ့လို့ အားလုံးပျက်စီးခဲ့ရသလို လက်ရှိ မိုးရာသီမှာ အားကိုးနေရတဲ့ သံပုရာသီးနဲ့ တညင်းသီးဖြစ်ပြီး အဲဒီအပင်တွေလည်း ဘာမှမကျန်တော့ဘူးလို့ ဦးသိန်းလှိုင်က ပြောပါတယ်။
အဲဒီစိုက်ခင်းတွေ ပြန်လည်ထူထောင်နိုင်ဖို့ ၅ နှစ်၊ ၆ နှစ်လောက် အချိန်ယူရမှာဖြစ်ပြီး လက်ရှိအခြေအနေမှာ ဆန်နဲ့ အမိုးအကာတွေ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းကို မိုခါမုန်တိုင်း ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့လို့ အိမ်ခြေ ၂၁၆,၆၈၈ လုံး ပျက်စီးခဲ့ပြီး ပြည်သူ ၁ သန်းကျော် မုန်တိုင်းဒဏ်သင့်ကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီ အထောက်အပံ့တွေ လိုအပ်နေတယ်လို့ သိရပါတယ်။