တနင်္သာရီတိုင်းအတွင်းမှာ မကြာမီရောက်ရှိလာတော့မယ့် မိုးရာသီအတွင်း စစ်ဘေးရှောင်ပြည်သူတွေ လိုအပ်တဲ့ စားနပ်ရိက္ခာအတွက် “ဝသန်ဦးအတွက် ဆန်စုဗူး” ကမ်ပိန်းကို ဒေသတွင်း စစ်ရှောင်တွေကို ကူညီပေးနေတဲ့အဖွဲ့အစည်းတွေက ပူးပေါင်း ပြုလုပ်နေပါတယ်။
အဓိကကတော့ မိုးရာသီမှာကြုံတွေရနိုင်တဲ့ စားနပ်ရိက္ခာအခက်အခဲကို ပြေလည်စေဖို့နဲ့ ဒေသအတွင်း စစ်ဘေးရှောင်တွေကို ကူပေးနေတဲ့အဖွဲ့တွေ စုစည်းလုပ်တာဖြစ်ပြီး ဒီအဖွဲ့တွေ ရှေ့ဆက် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်နဲ့ ဒီကမ်ပိန်းကိုပြုလုပ်တာလို့ ကမ်ပိန်းဦးဆောင်အဖွဲ့က ပြောပါတယ်။
လက်ရှိ တနင်္သာရီတိုင်းအတွင်းမှာ စစ်ဘေးရှောင်ဦးရေကတော့ ၄ သောင်းနီးပါး ရှိနေပြီး မိုးရာသီအတွက် အမိုးအကာနဲ့ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေကာ ကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင်မှုနဲ့ ကုသမှုပိုင်းဆိုင်ရာ အားနည်းမှုတွေလည်းရှိနေတယ်လို့ ကမ်းပိန်းရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောပါတယ်။
“ပါဝင်လှူဒါန်းလိုသူတွေက မိမိတတ်နိုင်တဲ့ ငွေကြေးပမာဏသော်လည်းကောင်း၊ ဆန်တစ်ပြည် သို့ တစ်အိတ်ချင်းစီရဲ့ တန်ဖိုးသော်လည်းကောင်း ပါဝင်လို့ရပါတယ်။ ဒီကမ်ပိန်းဟာ ခါးသီးလွန်းတဲ့ ဒီကာလထဲ ပြည်သူအချင်းချင်းဖေးမမှုတွေရှိနေသေးပါတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်ပြဖို့ အတွက်လည်းရည်ရွယ်ပါတယ်။ ဒါကြောင့် ပမာဏနည်းသည်ဖြစ်စေများသည်ဖြစ်စေ ပါဝင်ပေးဖို့အတွက်သာ အဓိကဖြစ်ကြောင်း ပြောချင်ပါတယ်။”
တနင်္သာရီတိုင်းအတွင်းမှာ စစ်ဘေးရှောင်ကိစ္စတွေကို ကူညီပေးနေတဲ့အဖွဲ့အစည်းတွေဖြစ်ကြတဲ့ ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့၊ ပုလောစစ်ဘေးရှောင်စီမံခန့်ခွဲရေး ကော်မတီ၊ နွေဦးမေတ္တာ-စစ်ဘေးရှောင်များ ကူညီရေးအဖွဲ့၊ တွဲလက်ညီညီ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ (တနင်္သာရီမြို့နယ်)၊ တနင်္သာရီလူမျိုးပေါင်းစုံ ကွန်ဂရက်နဲ့ တနင်္သာရီအခြေစိုက်ကျောင်းသားများသမဂ္ဂများကွန်ရက် တို့ကနေ အဲဒီကမ်ပိန်းကို ပူးပေါင်းလုပ်ဆောင်တယ်လို့ သိရပါတယ်။
ဒီကမ်ပိန်းကို ဇွန် ၁၂ ရက်ကနေ ဇူလှိုင် ၂၆ ၇က်အထိ ၁ လခွဲတိတိသတ်မှတ်ထားပြီး ဒီကာလအတွင်း ဆန်အိတ် ၁၅၀၀ စုစည်းနိုင်ဖို့ရည်ရွယ်ထားကာ အလှူရှင်တွေအနေနဲ့ ပါဝင်လှူဒါန်းလိုပါက ဝသန်ဦးအတွက် ဆန်စုဗူး လူမှုကွန်ရက်စာမျက်နှာမှ တဆင့်စုံစမ်းမေးမြန်းနိုင်တယ်လို့ သိရပါတယ်။