ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့မှာ ဇွန် ၁၂ ရက်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံပြီး လူနေရပ်ကွက်တွေထဲကို ရေတွေဝင်ရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နန့်မွန်းမြို့နယ်မှာ ရွှေတူးဖေါ်မှုတွေများပြားကာ နန့်မွန်းချောင်း တဖြည်းဖြည်းတိမ်ကောလာပြီး မိုးအဆက်မပြတ်ရွာသွန်းတဲ့အတွက် လူနေရပ်ကွက်တွေနဲ့ ကားလမ်းမပေါ်ကို ရေတွေ ဝင်ရောက်လာတာဖြစ်ပါတယ်။
ဒေသခံတဦိးက "နန့်မွန်းမြို့နယ်ထဲမှာ အာဏာသိမ်းပြီးနောက်ပိုင်း ရွှေတူးဖေါ်တာတွေကို စည်းကမ်းမဲ့ လုပ်လာကြတယ်။ မိုင်းနောင် ခေါင်းတုန်းချောင်းနဲ့ နန့်မွန်းချောင်းတွေက ရွှေတူးတဲ့ နူန်း မြေစာတွေနဲ့ ပြည့်ပြီး ချောင်းက ကောသလောက်ဖြစ်နေပြီ။ မိုးရွာတော့ ရေကစီးစရာမရှိတော့ဘဲ လူနေရပ်ကွက်နဲ့ ကားလမ်းမတွေပေါ် ရေတွေဝင်လာတယ် "လို့ ပြောပါတယ်။
လက်ရှိ နန့်မွန်းမြို့ပေါ် အမှတ် (၂) ရပ်ကွက်အပါအဝင် အနိမ့်ပိုင်းရပ်ကွက်တွေကို ရေတွေ ဝင်ရောက်လာလို့ ရေကြီးရေလျှံမှုဒဏ်ကို ဒေသခံတွေခံစားနေကြရပါတယ်။
အင်းတော်ကြီးဒေသ နန့်မွန်းမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မိုးရာသီကလည်း သုံးကြိမ်ထက်မနည်း ရေကြီးရေလျှံခဲ့လို့ လမ်းတံတားတွေ၊ လူနေအိမ်တွေနဲ့ လယ်ယာစိုက်ပျိုးသီးနှံတွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။