ကရင်ပြည်နယ်၊ ဘားအံမြို့တွင်း မြို့ပြင်က လူသွားလူလာများတဲ့နေရာတွေမှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေက လိုင်စင်မဲ့ မော်တော်ကားတွေကို ဇွန် ၅ ရက်က စတင်ကာ လိုက်လံဖမ်းဆီး သိမ်းဆည်း နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွဲကပင်ပလာဇာရှေ့၊ ရွှေကြက်မီးပွိုင့်အနီး၊ ဘုရားကြီးဝင်းရှေ့နဲ့ လမ်းဂွနေရာတွေမှာ လိုက်လံဖမ်းဆီးနေတာတွေအပြင် လမ်းမဘေးနဲ့ ဒေသခံရဲ့ အိမ်ရှေ့၊ ခြံရှေ့တွေမှာရပ်ထားတဲ့ လိုင်စင်မဲ့ကားတွေကိုပါ ဖမ်းဆီးသိမ်းဆည်းလိုက်တာလို့ ဒေသခံ တဦးက ပြောပါတယ်။
"ကားတွေဖမ်းတာက တနေရာထဲမှာပဲ ဖမ်းတာ မဟုတ်ဘူး၊ ရွှေ့ပြီးတော့ဖမ်းကြတာ၊ ကားတွေကို မနက် ၉ နာရီလောက်ကနေစပြီးတော့ဖမ်းနေတာ။ ကားဖမ်းမိလို့ အသာတကြည်မပေးရင် လူကိုပါ ဖမ်းတယ်။ လူကိုလည်းထောင် ၃ နှစ်ချမယ်လို့ ကြားနေတယ်။ အခုကခြံထဲထည့်ထားရင်တောင် မမြင်အောင်ထားရတယ်။ မြင်ရင်တော့အကုန်သိမ်းတာပဲ။”
အခုလို လိုင်စင်မဲ့ကားတွေ ဖမ်းဆီးသိမ်းဆည်းခံရပြီးနောက်ပိုင်း မောင်နှင်သူတချို့လည်း ဖမ်းဆီး ခံရပေမဲ့ ထောင်ချတာမျိုး မရှိသေးဘူးလို့ဆိုပါတယ်။
ဘားအံမှာ ဖမ်းဆီးသိမ်းဆည်းခံရတဲ့ကားအရေအတွက် ၁၀၀ ဝန်းကျင်ရှိကာ သိမ်းဆည်းခံရတဲ့ ကားတွေကို အစိုးရဌာနဆိုင်ရာဝင်းတွေမှာ သိမ်းဆည်းထားတယ်လို့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ နီးစပ်သူတွေထံမှသိရပါတယ်။
ဘားအံခရိုင်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့က ဇွန်လက စတင်ကာ လိုင်စင်မဲ့ မော်တော်ကားတွေကို သိမ်းဆည်းတာအပြင် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အရ ၃နှစ် ထက် မပိုတဲ့ထောင်ဒဏ်(သို့) ငွေဒဏ်နဲ့ ထောင်ဒဏ်ငွေဒဏ်နှစ်မျိုးလုံးကျခံရမယ်လို့ မေလနောက်ဆုံးပတ် က လိုက်လံကြေညာတာတွေအပြင် စာတွေလည်းထုတ်ပြန်ခဲ့ပါတယ်။
အရင်က ဖမ်းဆီးရမိတဲ့ လိုင်စင်မဲ့မော်တော်ကားတွေမှာ ပြီးခဲ့တဲ့မေလက ဖောင်းကြွနံပါတ်ပြား လုပ်ဆောင်ခဲ့တဲ့ ကားတွေပါဝင်နေပါတယ်။
ဒါ့အပြင် မတ်လကနေ မေလအထိ ဖမ်းဆီးခံရတဲ့ လိုင်စင်မဲ့မော်တော်ကားတွေမှာ ဒဏ်ငွေ ကျပ် ၃၀,၀၀၀ ကနေ ကျပ် ၃၀၀,၀၀၀ အထိပေးရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။