Home
မြန်မာသတင်း
မိုးရေယိုစိမ့်မှုကြောင့် ပျက်စီးလာသည့် ပုဂံဘုရားများကို ထိန်သိမ်းပြုပြင်မှု မရှိဖြစ်နေ
DVB
·
June 11, 2023
353431101_1003789220791234_8874635779988801980_n

မန္တလေးတိုင်း  ညောင်ဦးမြို့နယ်မှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင် ပုဂံဒေသရှိ ဘုရားစေတီတချို့မှာ မိုးရွာသွန်းမှုကြောင့် ဘုရားအတွင်း မိုးရေယိုစိမ့်ပြီး ဘုရားစေတီအုတ်ခုံတွေ ပြိုကျပျက်စီးနေတယ်လို့  ပုဂံဒေသခံတွေဆီက ပြောပါတယ်။ 

နှစ်သက်တမ်းကြာမြင့်လာတဲ့ ရှေးဟောင်းဘုရားတွေမှာ အဓိက က မိုးရေစိမ့်တာဖြစ်ပြီး မိုးကာ အုပ်ထားရမယ့် ဘုရားတွေ၊ ပြိုကျနေတဲ့ အုတ်တွေ ဖယ်ရမယ့် ဘုရားတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ 

ပုဂံဒေသခံတဦးက  “ပြင်တဲ့ ဘုရားလည်း ပြင်တယ်၊ ဦးစားပေးနာမည်ကြီး ဘုရားတွေပေါ့၊ မိုးခါကြောင့်မဟုတ်လည်း တဖြည်းဖြည်း လုံးပါး ပါးသွားမှာပဲ၊ မိုးခါကြောင့် သိပ်မထိဘူး။ မိုးကြီးရင်တော့ ပြိုနေမှာပဲ၊ ရေစိမ့်နေတာ အများကြီးပဲ။ ပြင်ဆင်ပြီးတဲ့ ဘုရားဆိုရင် စူဠာမဏိဘုရား၊ စိုးမင်းကြီး၊ သကြားပုန်း စတဲ့ ပြီးတဲ့ဘုရားက ပြီးနေပါပြီ၊ အခုတော့ ဗူးဘုရားမှာ ဝိုင်အုံးနေတယ်” လို့ ပြောပါတယ်။

အခုလို မိုးရာသီရောက်တိုင်း မိုးရေစိမ့်ယိုမှုတွေကြောင့် ပျက်စီးလာတဲ့ ပုဂံဘုရားတွေရှိနေပေမယ့် ပုဂံဒေသခံ ၇၀ ရာခိုင်နှုန်းလောက်က ဘုရားတွေအပေါ်စိတ်ဝင်စားမှု  အားနည်းပြီး ဒီလိုအဖြစ်တွေက ခေတ်အဆက်ဆက် နှစ်တိုင်းကြုံတွေ့နေရတာလို့ သိရပါတယ်။

ပုဂံဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတဦးက “ပုဂံက ဘုရားစေတီတွေရဲ့ သက်တမ်းက နှစ် ၁၀၀၀ နား ကပ်လာပြီဆိုတော့ တန်ဖိုးအတော်ကြီးမားတဲ့ နေရာတခုဖြစ်နေပြီ။ နောက်ထပ်ပျက်စီး ဆုံးရှုံးမှုတွေ မရှိအောင် နိုင်ငံတော်က ရန်ပုံငွေ တရပ်ချပေးပြီးမှ လုပ်ရမှာ၊ ပုဂံဆိုတာ ဒေသတခုကိုပဲ အကျိုးပြုတာမဟုတ်ဘဲ နိုင်ငံခြားဧည့်သည်တွေ အဓိက လာရောက်တာကြောင့် ပုဂံဒေသကို နိုင်ငံတော်အဆင့်နဲ့ ထိန်းသိမ်းသင့်တယ်” လို့ ပြောပါတယ်။ 

မေ ၁၅ ရက်က မိုခါမုန်တိုင်းအရှိန်ကြောင့်လည်း ညောင်ဦးမြို့နယ်က ဓမ္မရာဇက ဘုရား ရင်ပြင် အုတ်ခုံ၊ ထီးလိုမင်းလိုဘုရား အရှေ့မုခ်အဝင်၊ သဗ္ဗညုဘုရားအုတ်တံတိုင်းနဲ့ ပုထိုးသားများဘုရား မုခ်ကပ် ပဲ့ကျတာတွေရှိကြောင်း ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲက သတင်းထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ရှိတဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတခုလုံးကို ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၆ ရက်နေ့မှာ  ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် ယူနက်စကိုက သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024