တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ဇွန် ၈ ရက်က ကိုဗစ်အတည်ပြုလူနာ ၁ ဦး သေဆုံးသွားတယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနက ဇွန် ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မြိတ်မြို့က သေဆုံးလူနာဟာ တနင်္သာရီမြို့နယ် ကော့မပြင်းရွာက အသက်တနှစ်ကျော်အရွယ် ကလေးငယ်တဦးဖြစ်ပြီး ပုဂ္ဂလိကဆေးရုံတခုကနေ မြိတ်ဆေးရုံကြီးကို ပြောင်းရွှေ့ကုသစဉ် သေဆုံးသွားတာလို့ မြို့ခံပရဟိတအသင်းတွေဆီက သိရပါတယ်။
အခုလ ၄ ရက်ကလည်း ထားဝယ်မြို့နယ်က အမျိုးသမီးကြီးတဦး ထားဝယ်ဆေးရုံကြီးမှာ ကိုဗစ်လက္ခဏာနဲ့ ဆေးကုသနေစဉ် သေဆုံးခဲ့ပါတယ်။
မေလအတွင်း ထားဝယ်မှာ ကိုဗစ်အတည်ပြုလူနာ ၃ ဦး သေဆုံးခဲ့ပြီး အခုဇွန်လဆန်းမှာတော့ ထားဝယ်မြို့နဲ့ မြိတ်မြို့မှာ ကိုဗစ်လူနာ တဦးစီ သေဆုံးခဲ့တာကြောင့် တနင်္သာရီတိုင်းမှာ ကိုဗစ်အတည်ပြု သေဆုံးလူနာ ၅ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။
သေဆုံးသူတွေဟာ အသက်အရွယ်ကြီးသူ၊ ရောဂါအခံရှိသူတွေနဲ့ ကလေးငယ်တွေ ဖြစ်ကြပါတယ်။
ဇွန် ၁ ရက်ကနေ ၈ ရက်အထိ တပတ်အတွင်း တနင်္သာရီတိုင်းမှာ မြိတ်မြို့က ကိုဗစ်အတည်ပြုလူနာ ၃ ဦး စစ်ဆေးတွေ့ရှိတယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
တနင်္သာရီတိုင်းမှာ သင်္ကြန်ကာလအပြီး စစ်ကောင်စီ တိုင်းလူမှုရေးဝန်ကြီး ဦးသန့်ဇင်နဲ့ သူ့ရဲ့ ကိုယ်ရေးအရာရှိ၊ ထားဝယ်တက္ကသိုလ်ပါချုပ်တို့မှာ ကိုဗစ်ကူးစက်ကြောင်း စတင် စစ်ဆေးတွေ့ရှိရပြီးနောက် ကိုဗစ်အတည်ပြုလူနာ ဆက်တိုက်စစ်ဆေးတွေ့ရှိခဲ့ပါတယ်။