Home
မြန်မာသတင်း
မြန်မာအတွက် ဆေးနှင့်ဆေးပစ္စည်းများလှူဒါန်းရန် ဒေါက်တာဇော်ဝေစိုးနှင့် အမေရိကန် တာဝန်ရှိ သူများ ဆွေးနွေး 
DVB
·
June 8, 2023
352501460_3503055049915846_1704602081800716604_n

မြန်မာနိုင်ငံကို ဆေးနဲ့ ဆေးပစ္စည်းတွေ ပေးပို့လှူဒါန်းနိုင်ရေးအတွက် အမေရိကန်နိုင်ငံ၊ ကိုလိုရာဒိုပြည်နယ်၊ ဒင်းဗားမြို့တော်က Project C.U.R.E. အပြည်ပြည်ဆိုင်ရာဌာန ချုပ်ရုံး တာဝန်ရှိသူတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

Project C.U.R.E အဖွဲ့ကတော့ နိုင်ငံပေါင်း ၁၃၅ နိုင်ငံကျော်မှာ ကန့်သတ်အရင်းအမြစ်ရှိတဲ့ ဒေသတွေက လူနာတွေအတွက် ဆေးနဲ့ ဆေးပစ္စည်းတွေကို ကူညီဖြန့်ဖြူးလှူဒါန်းနေတဲ့ ကမ္ဘာ့အကြီးဆုံး အဖွဲ့အစည်းတခု ဖြစ်ပါတယ်။

အမေရိကန်ကို ခေတ္တရောက်ရှိနေတဲ့ NUG အစိုးရ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးဟာ ပြီးခဲ့တဲ့ ဇွန် ၅ ရက်မှာ Project C.U.R.E. က ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါက်တာ ဒေါ့ဂ် ဂျက်ဆင် အပါအဝင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး မြန်မာကို ဆေးနဲ့ ဆေးပစ္စည်း ပေးပို့လှူဒါန်းမယ့် လုပ်ငန်းစဉ်တွေကို ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒေါက်တာ ဒေါ့ဂ် ဂျက်ဆင်က လက်ရှိအချိန်မှာတော့ မြန်မာပြည်က တိုင်းရင်းသားလူမျိုးနွယ်ပေါင်းစုံ ဒုက္ခဆင်းရဲခြင်း မြောက်မြားစွာ ကြုံတွေ့ခံစားနေရကို နားလည် ကိုယ်ချင်းစာနာကြောင်းနဲ့ Project C.U.R.E. အနေနဲ့ မြန်မာပြည်သူတွေကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နဲ့အတူ အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတာဖြစ်ပြီး လော့စ်အိန်ဂျလစ်မြို့မှာ ကျင်းပတဲ့ ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲကိုလည်း တက်ရောက်ခဲ့ကာ မြန်မာ့နွေဦးတော်လှန်ရေးဟာ နေပြည်တော်နဲ့သိပ်မဝေးတော့ဘဲ တောင်ငူအထိ ရောက်နေပြီလို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးတွေဟာ ပြည်နယ်အထက်လွှတ်တော်အမတ် ဘင်ဂျမင် ဂျေအယ်လ်လန်နဲ့ သီးခြားတွေ့ဆုံခဲ့ပြီး မြန်မာပြည်ရေးရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ NUG ကျန်းမာရေးဌာနက ထုတ်ပြန်ထားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024