ပဲခူးတိုင်း ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်က ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ (ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ PPDF) က ဇွန် ၃ ရက် မနက် ၇ နာရီလောက် ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ချုံခိုတိုက်ခိုက်ခဲ့ရာမှ စစ်တပ်က ၁ ဦး သေဆုံး၊ ၁ ဦး အပြင်းအထန်ဒဏ်ရာ ရရှိသွားပြီး သေဆုံးအလောင်းကို ယာတဲပေါ်တင် မီးရှို့ခဲ့သလို အနီးနားက ယာတဲ ၈ လုံးကိုလည်း မီးရှို့ ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း ပြည်သူကာကွယ်ရေးတပ်က ဘေးအန္တရာယ်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး လက်ရှိ ပဲခူးတိုင်းထဲကို အမျိုးသားညီညွှတ်ရေးအစိုးအရ၊ ပြည်ထဲရေးဝန်ကြီးခရီးစဥ် ရောက်ရှိလာပြီးတဲ့ နောက် ဒေသအတွင်း တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ဆိုပါတယ်။
ဇွန် ၃ ရက် ညနေ ၃ နာရီကလည်း တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကြာအင်းကုန်ရွာက ထွက်လာတဲ့ စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးပူပေါင်းတပ်တို့ ဆယ်တောရွာဘုန်းကြီး ကျောင်းနား မှာ တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
၂ နာရီကြာ တိုက်ပွဲဖြစ်ခဲ့ပြီး ဝဲဒေါင့်ကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ မြစ်ကူးတံတားက စစ်တပ်ဂိတ်နဲ့ ခလရ -၈၄ (ဆွာ) က ဆယ်တော်၊ ဒေါင့်အင်းကုန်းနဲ့ ဂွေးသဲကျေးရွာတွေကို လက်နက်ကြီး ပစ်ကူပေးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
တိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့က ထိခိုက်မှုမရှိခဲ့ဘဲ စစ်တပ်က ထိခိုက်သေဆုံးမှု ရှိနိုင်ပေမဲ့ မြေပြင်အခြေနေအရ အသေးစိတ်ကို အတည်ပြုဆဲလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
အဲဒီနေ့ ည ၁၀ နာရီမှာ ခလရ-၈၄(ဆွာ)က ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ရာ ဂွေးသဲရွာအတွင်း ကျရောက်ခဲ့လို့ အိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့သလို နေအိမ်တလုံးမှာ တိုက်ရိုက်ထိမှန်ခဲ့တာကြောင့် ရွာခံသားအမိ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ဆေးရုံမှာ ကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်းထဲမှာ ဒေသကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေ မကြာခဏတိုက်ပွဲ ဖြစ်ပွားလေ့ ရှိပါတယ်။