Home
မြန်မာသတင်း
မိုခါမုန်တိုင်းသင့် ပြည်သူများအတွက် NUG အစိုးရက ငွေကျပ် သိန်း ၂၄၀၀ ထောက်ပံ့ကူညီ
DVB
·
June 4, 2023
181525-US-dollars-730x365

မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကိုခံခဲ့ရတဲ့ မြန်မာပြည်သူတွေအတွက် အရေးပေါ်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် ငွေကျပ် သိန်း ၂၄၀၀ လောက်ကို ထောက်ပံ့ ကူညီထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ထုတ်ပြန်ပါတယ်။

မုန်တိုင်းမကျရောက်ခင်ကစလို့ ဇွန် ၂ ရက်နေ့အထိ ထောက်ပံ့ထားတဲ့စာရင်းအရ ငွေကျပ်သိန်းပေါင်း ၂,၃၈၆ သိန်းကျော်ကို ရခိုင်နဲ့ ချင်းပြည်နယ်၊ စစ်ကိုင်း၊ မကွေးနဲ့ ရန်ကုန်တိုင်း၊ အိန္ဒိယနယ်စပ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတို့ဆီ ပေးပို့ ကူညီထားတာပါ။

ရခိုင်ပြည်နယ်အတွက် ကနဦးထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ အပါအဝင် အရေးပေါ် စားနပ်ရိက္ခာနဲ့ အမိုးအကာအတွက် ကျပ်သိန်း ၉၂၀၊ ချင်းပြည်နယ်က ကန်ပက်လက်၊ ဟားခါး၊ တီးတိန်၊ ထန်တလန်၊ ဖလမ်း၊ မင်းတပ်၊ ပလက်ဝ၊ မတူပီက ဇိုတုန်၊ မတူနဲ့ မရာဒေသတို့အတွက် အမိုးအကာအတွက် ထောက်ပံ့ငွေကျပ်သိန်း ၅၄၀ ကျော် ကို ပေးပို့ ကူညီထားတယ်လို့ ဆိုပါတယ်။

ပြီးတော့ အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်က စစ်ရှောင်စခန်း ၈ ခုအတွက် အမိုးအကာ ထောက်ပံ့ငွေကျပ် သိန်း ၁၂၀ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းထဲက ထိခိုက်လွယ် မိသားစု ၁၄၀ အတွက် အရေးပေါ်သုံး ပစ္စည်းထောက်ပံ့ငွေ ကျပ် ၇၆ သိန်းကိုလည်း ပေးပို့ထားတယ်လို့ ဆိုပါတယ်။

မကွေးတိုင်းထဲက ဆော၊ ရေစကြို၊ ထီးလင်း၊ စလင်း၊ ဆိပ်ဖြူ၊ ဂန့်ဂေါ၊ ပေါက်နဲ့ ပခုက္ကူမြို့တို့က အသက်ဆုံးပါးသွားသူတွေရဲ့ မိသားစုတွေကို ထောက်ပံ့တာအပါအဝင် အရေးပေါ်စားနပ်ရိက္ခာအတွက် ကျပ် ၂၃၆ သိန်းကျော်ကိုလည်း ထောက်ပံ့ထားပါတယ်။

စစ်ကိုင်းတိုင်းက ကနီ၊ ပုလဲ၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့တို့ကို အရေးပေါ်စားနပ်ရိက္ခာအတွက် ထောက်ပံ့ငွေ ကျပ် သိန်း ၄၉၀ ကျော်နဲ့ ရန်ကုန်တိုင်းထဲက လေပြင်းကြောင့် ထိခိုက်ဒဏ်ရာရသူတယောက်ကို ငွေကျပ် ၁ သိန်း ထောက်ပံ့ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ ပျက်စီးသွားတဲ့ နေအိမ် ၁၆,၃၈၁ လုံးနဲ့ ချင်းပြည်နယ်အတွင်း ပျက်စီးသွားတဲ့ နေအိမ် ၂,၉၁၇ လုံးအတွက် အရေးပေါ်အမိုးအကာ ထောက်ပံ့ပေးတာကိုလည်း ဆက်လက်အကောင်အထည်ဖော် နေတယ်လို့ ဆိုပါတယ်။

NUG အနေနဲ့ မုန်တိုင်းဒဏ်သင့်ဒေသတွေက သက်ဆိုင်ရာ ပြည်နယ်အတိုင်ပင်ခံ ကောင်စီတွေ၊ တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့တွေ၊ မြို့နယ် အုပ်ချုပ်ရေး တာဝန်ခံတွေ၊ မြေပြင်မှာ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ပေးနေတဲ့ လူမှုရေး အဖွဲ့အစည်းတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး လက်တွဲပူးပေါင်း၍ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

ပြီးတော့ ကနဦးပြန်လည်ထူထောင်ရေးအတွက် စိုက်ပျိုးရေး၊ လမ်း၊ တံတား၊ လျှပ်စစ်မီးတိုင် ပျက်စီးတာတွေအတွက် NUG ရဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024