ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ကန်တော်ကြီးဥယျာဉ်၊ ပန်းကန်လုံးကျွန်းရှိ လူသွားစင်္ကြံလမ်းမှာ ဇွန် ၁ ရက်ညနေပိုင်း ၃ နာရီ မိနစ် ၂၀ လောက်က ကိုယ်ဝန်သည် အမျိုးသမီးတဦး အရက်ပျံသောက်ခဲ့တာကို ကယ်ဆယ်ခဲ့ရတယ်လို့ ဒီဃာယုက လူမှုကယ်ဆယ်ရေးအသင်းက ပြောပါတယ်။
အဆိုပါအများသမီးဟာ 777 တံဆိပ် ၁၀၀ မီလီမီတာ အရက်ပျံဘူးကို သောက်သုံးထားတာကြောင့် မေ့လဲကျနေတာဖြစ်ပြီး ကန်တော်ကြီးစည်ပင်ဝန်ထမ်းက ကယ်ဆယ်ရေးအသင်းကို ဖုန်းဆက်အကူအညီတောင်းခဲ့တာပါ။
ဒီဃာယုကအသင်း တာဝန်ရှိသူတဦးက " အဲဒီက စည်ပင်ဝန်ထမ်းတွေက ဖုန်းလှမ်းဆက်လို့ပါ။ အရက်ပျံကို တဘူးလုံး သောက်ထားတာ။ အသက်က ၂၁ နှစ်။ သူ့ကိုယ်ဝန်က ဆရာဝန် ပြောတာတော့ ၇လနဲ့ ၈လလောက် ရှိပြီ ပြောတယ်၊ ဂျပန်ဆေးရုံကြီးရောက်မှ သတိပြန်ရလာတယ် " လို့ ဆိုပါတယ်။
ကိုယ်ဝန် ၈ လခန့်နဲ့ အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်ဟာ ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၀ ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၂၃ ဧပြီလ ကိုယ်ဝန် ၇ လ ခန့်ရှိချိန်မှာ အတူနေ အသက် ၃၀ ကျော်အရွယ် ခင်ပွန်းက သူ့ကို ပစ်ထားခဲ့တာဖြစ်ပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ သူငယ်ချင်းအမျိုးသမီးတဦးအိမ်မှာ ယာယီသွားရောက်နေထိုင်ခဲ့ပြီး ဇွန် ၁ ရက်က အမျိုးသားဖြစ်သူနေထိုင်တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်ကို လာရောက်ရင်း အဲဒီ နေ့ခင်းပိုင်းမှာပဲ ကန်တော်ကြီး၊ ပန်းကန်လုံးကျွန်း လူသွားစင်္ကြံမှာ အရက်ပျံ တဘူးလုံး သောက်ခဲ့ တာလို့ သိရပါတယ်။
လူနာအမျိုးသမီးကို ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ပြည်လမ်းထောင့်ရှိ ရန်ကုန် အထွေထွေရောဂါကုဆေးရုံအသစ်(ဂျပန်ဆေးရုံ)ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပြီး အရက်ပျံ သောက်မိတဲ့အတွက် သန္ဓေသားရော၊ မိခင်ဖြစ်သူအမျိုးသမီးပါ အသက်အန္တရာယ် စိုးရိမ်ရတဲ့ထိခိုက်မှု မရှိတော့ဘူးလို့ သိရပါတယ်။