Home
မြန်မာသတင်း
ဝါရှင်တန်ဒီစီတရုတ်သံရုံးရှေ့ မြန်မာအရေးလှုပ်ရှားသူများ ဆန္ဒပြ
DVB
·
June 3, 2023
000000000

အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့မှာ ဒေသစံတော်ချိန် ဇွန် ၂ ရက် မွန်းလွဲပိုင်းက လုပ်တဲ့ ပြည်ပရောက် မြန်မာတွေရဲ့ တရုတ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို သံရုံး တာဝန်ရှိသူတွေက တိုင်ကြားခဲ့ပေမဲ့ ဒီစီအုပ်ချုပ်ရေးတာဝန်ရှိသူတွေက ဆန္ဒပြပွဲ ဆက်လုပ်ဖို့ ခွင့်ပြုခဲ့ပါတယ်။   

သံရုံးရှေ့လမ်းမပေါ်မှာ ဆန္ဒပြသူတွေက ပြန်ဖျက်လို့ ရတဲ့ မှုတ်ဆေးတွေ၊ မြေဖြူတွေနဲ့ တရုတ်အစိုးရ ကို ကန့်ကွက်ကြောင်း စာရေးသားဆန္ဒထုတ်ဖော်ခဲ့တဲ့အပေါ် တရုတ်သံရုံးတာဝန်ရှိသူ က  ဆန္ဒပြပွဲ ကို ထိန်းသိမ်းဖို့ ဒီစီရဲတပ်ဖွဲ့ကို အကြိမ် ကြိမ်ဖုန်းဆက် တိုင်ကြားခဲ့ပါတယ်။

ဒါပေမဲ့ အများပြည်သူပိုင်လမ်းပေါ်မှာ ပြန်ဖျက်လို့ ရတဲ့အရာနဲ့ စာရေးသားပြီး ဆန္ဒပြတာဟာ ဒေသဥပဒေနဲ့ ငြိစွန်းမှု မရှိတာကြောင့် ဆန္ဒပြပွဲကို ဆက်လုပ်ဖို့ ဒီစီရဲတပ်ဖွဲ့က ခွင့်ပြုခဲ့ပါတယ်။

တက်ကြွလှုပ်ရှားသူက ကိုစံမန်း "မြန်မာပြည်တွင်းက လက်ရှိ အခြေအနေတွေကို မသိကျိုးကျွံ ပြုပြီး  ပြည်သူအားလုံးရဲ့ နာကျင်မှုတွေ၊ အတိဆင်းရဲဒုက္ခရောက်မှုတွေနဲ့ ဖော်မပြနိုင်တဲ့ ကြေကွဲမှုတွေ ပြည့်နေတဲ့လူတွေ၊ ပြည်သူပြည်သားတွေ၊ အပြစ်မဲ့တဲ့တိုင်းရင်းသူတိုင်းရင်းသားတွေကို မျက်ကွယ် ပြုပြီးတော့မှ ဒီခြေလှမ်းကို ရဲရဲတင်းတင်းကြီးလှမ်းတယ်ဆိုတာ ကျနော်တို့အနေနဲ့လုံးဝလက်မခံဘဲနဲ့ အခုတော်လှန်ရေးမှ မဟုတ်ပါဘူး။ တော်လှန်ရေးပြီးတဲ့အထိ PDF တွေ၊ မြန်မာပြည်သူတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ EAO တွေဘက်ကနေ မရပ်တည်သေးသရွေ့  ကျနော်တို့ ဆက်လက်ပြီးတော့ ဆန္ဒပြမှာပါ”လို့ ပြောပါတယ်။

မြို့တော်ဝါရှင်တန်ဒီစီက တရုတ်သံရုံးအပါအဝင် အမေရိကန်ပြည်ထောင်စု တရုတ် ကောင်စစ်ဝန်ရုံး ရှိတဲ့ မြို့ ၇ မြို့မှာ မေ ၁၉ ရက်ကနေ ဇွန် ၁၉ ရက်အထိ အချိန်တလကြာ တရုတ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လုပ်ဖို့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက စီစဉ်ခဲ့ပြီး ဇွန် ၂ ရက်မှာ လုပ်တဲ့ ဆန္ဒပြပွဲဟာ ၄ ကြိမ်မြောက်ဖြစ်ပါတယ်။ 

တက်ကြွလှုပ်ရှားသူ ကိုကျော်ကျော်က  "တကမ္ဘာလုံးမှာရှိတဲ့ တရုတ်သံရုံးရှေ့မှာတော့ ဆန္ဒပြ ပါတယ်။ ဒါပေမဲ့ ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့ကို လာပြီးတော့ ဆန္ဒပြတဲ့အကြောင်းကတော့ သံရုံးတွေ အများကြီးရှိတယ်။ လူထုကို ကြားစေချင်တဲ့ ကျနော်တို့ရဲ့ လိုချင်နေတဲ့ဟာတွေ၊ ဗမာပြည်သူပြည်သားတွေကို ညှာတာပေးဖို့ကို လာတောင်းဆိုတာ။ စစ်အစိုးရနဲ့ မပေါင်းဖို့၊ မကူဖို့ကို လာပြီးတော့ တောင်းဆိုခြင်းဖြစ်ပါတယ်"လို့ ဆိုပါတယ်။

ဦးနေဝင်းလက်ထက်ကတည်းက နိုင်ငံပိုင်ပစ္စည်းတွေကို အလွဲသုံးစားလုပ်တာ၊ နောက်ပိုင်း စစ်ဗိုလ်ချုပ်တွေ အဆက်ဆက် အလွဲသုံးစားလုပ်တာ၊ ပြည်သူတွေ ဆင်းရဲတွင်းထဲရောက်နေတာကို ထပ်မံအခွင့်အရေးယူဖို့ စစ်တပ်က တရုတ်အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်တာကို လက်မခံနိုင်တာ ကြောင့် ဆန္ဒပြတာလို့ ၈၈ မျိုးဆက် ဓါတုဗေဒပညာရှင် တဦးက ပြောပါတယ်။

သမီးဖြစ်သူ ၂ နှစ်အရွယ်ထဲကနေ အခုထိ ဆန္ဒပြနေသူ ၈၈ မျိုးဆက် ဦးခင်မောင်ရွှေက " ၉၆ ခုနှစ်ကနေ စပြီးတော့ တလျှောက်လုံးကို ကျနော်တို့ ဆန္ဒပြလာခဲ့ကြတယ်။ ကျနော် အခုထက်ထိလည်း လုပ်နေတယ်။ နောက်လည်း ဆက်လုပ်မယ်။ သေတဲ့အထိ လုပ်မယ်။ ဒီအစိုးရ မပြုတ်ကျ မချင်း လုပ်မယ်လို့ ဆုံးဖြတ် ထားပါတယ်။"ဆိုပါတယ်။

မေ ၂ ရက်က နေပြည်တော်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံပြီးနောက် တရုတ်ရဲ့ တိုက်တွန်းချက်အရ မေ ၃ ရက်မှာ နိုင်ငံရေးအကျဉ်းသားတချို့ကို စစ်ကောင်စီက ပြန်လွှတ် ပေးခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မလာခင်  ဧပြီ ၁၆ ရက်က တရုတ်ကွန်မြစ်နစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးညွှန်ချုပ် ပန်ရှုဘင်းဟာ အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီဆက်စပ်ဖြစ်စဉ်တွေကြောင့် မြန်မာ့အရေးမှာ တရုတ်က ပေါ်ပေါ်ထင်ထင် ပါဝင်လာတဲ့ အနေအထားဖြစ်ပြီး စစ်ကောင်စီကို ရွေးကောက်ပွဲလမ်းကြောင်းပေါ်တင်ဖို့နဲ့ မြန်မာ့နိုင်ငံရေး အပေါ်ခြယ်လှယ်ဖို့ ကြိုးစားလာတာဖြစ်တယ်လို့ နိုင်ငံရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024