မင်္ဂလာပါ၊ သူဆိုကာဖြင့်
လက်မှာဖြန့်လာ၊ ငွေငါးရာထည့်ပေး
ကားထွက်ခွင့်ရ ဈေးဖြစ်လေသား။ ။
"တောက်" " . . . ဂိတ်စောင့်စစ်သားက မင်္ဂလာပါ တခွန်းပြောရင် ငွေငါးရာပေးနေရတဲ့ ခေတ်ကြီးပါလား။ လခွမ်းမှပဲကွာ။ တကယ်တော့ မြို့ဝင် မြို့လယ် မြို့ထွက် ဂိတ် ၃ ဂိတ်နဲ့ ခရီးသည်တင်ကားတွေ သွားခွင့်ရရေး တမြို့ တမြို့ကို လာဘ်ငွေ ၁၅၀၀ ပေးနေရတဲ့ ခေတ်ပျက်ကြီးပါလားဟေ့ . . ."
ဒါကတော့ ကျနော်စီးလာတဲ့ပါစင်ဂျာကား မွန်ပြည်နယ် ကျိုက်ထိုမြို့က အထွက် စစ်ကောင်စီဂိတ်မှာ ငွေ ၅၀၀ ပေးခဲ့ရတာကို ကားဒရိုက်ဘာက မကျေမနပ်နဲ့ အော်ပြောလိုက်သံပါ။ ဒီအသံဟာ ကျနော့် နားထဲကမထွက်တော့ပါဘူး။ ပဲ့တင်သံလို ပြန်ကာ ပြန်ကာ ကြားနေမိပါတော့ရဲ့။
လာဘ်ပေးရန်မလို
"လာဘ်ပေးရန် မလို" ..... ဆိုရင် ငွေပေးစရာမလိုဘူးဆိုတဲ့ အဓိပ္ပာယ်ပေါ့။
"လာဘ်ပေး.... ရန်မလို ....... ကျတော့ကာ ငွေပေးရင် ရန်မရှာတော့ဘူးပေါ့။
တွက်ကြည့်ဗျာ။ ရန်ကုန်၊ မင်္ဂလာဒုံ၊ လှည်းကူး၊ ပဲခူး၊ ဘုရားကြီး၊ ဝေါ၊ ကျိုက်ထို၊ သထုံ၊ ဘားအံ၊ ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီအထိ ၁၀ မြို့မကဘူး။ တမြို့ ၂ ဂိတ်နဲ့တွက်ရင် ဂိတ်က ၂၀ ပေါ့။ တဂိတ် တဂိတ်ကို မင်္ဂလာပါ တခါ နှုတ်ဆက်တောင်းရင် ဆယ်ဂိတ် ၅၀၀၀ ဂိတ် ၂၀ ဆို တသောင်း စစ်တပ်ကို လာဘ်ပေးရတာနော်။ ကားသမားတွေက နေ့စဉ် ပေးနေကြရတာမို့ ကားအစင်းရေ ထောင်သောင်းချီပြီး နေ့စဉ် ငွေတွေ အမြောက်အမြား စစ်တပ်က လာဘ်စားနေကြတာနော်။ ဒါတောင် အခုဆို တဂိတ် ၁၀၀၀ ကျပ် ပေးနေရတာတွေ ရှိနေပြီ။ တချို့ အရေးကြီးတဲ့ (သူတို့အခေါ် ရစ်လွန်းတဲ့) ဂိတ်တွေဆို ၅ သောင်းလောက်တောင် ပေးကြရတာပါ။ ဒီလို ပေးတာကို ကျနော်ကိုယ်တိုင် ခပ်လှမ်းလှမ်း မနီးမဝေး ကားပေါ်ကနေ လှမ်းကြည့်လို မြင်ဘူးတယ်။
အဲ့သည်တုန်းကဆို ကျနော် နည်းနည်းတောင် စိုးရိမ်သွားတယ်။ ကားသမားက ဂိတ်တဂိတ် ၅၀၀ ပေးနေရာကနေ အဲ့သည်မြို့ ဂိတ်လဲကျရော.... မင်္ဂလာပါဆိုပြီး စစ်သားက ၅၀၀ လည်းယူသေး ကားလည်း ထွက်ခွင့်မပေးဘူး။ ကားပေါ်ကလူတွေ ရင်ထိတ်ကုန်ကြတာပေါ့။ အရာရှိနဲ့ တွေရမယ်ဆိုတော့ ကားသမားက ကျနော်တို့ တကားလုံးက ခရီးသည်တွေရဲ့ မှတ်ပုံတင်တွေ ရပ်ကွက်ထောက်ခံစာ ကိုဗစ်ထောက်ခံစာတွေ ယူပြီးသွားတွေ့ရတယ်။ ခပ်လှမ်းလှမ်းမှာ မြင်နေရတယ်။ အမှန်က ငွေညှစ်တာပါ။ တသိန်းကျပ် တောင်းတယ်တဲ့။ ခဏကြာကြာ ပြောကြ ဈေးဆစ်ကြပြီး ၅ သောင်းပေး ကားထွက်ခွင့်ရသပေါ့။
လာဘ်စားမြေ
ဂိတ်တိုင်းပေးရ၊ ရဲဘော်က ငါးရာ
အရာရှိများ၊ ကျပ်ငါးသောင်းပါ
မြန်မာပြည်လား၊ လာဘ်စားမြေလား
စဉ်စားနေမိပြီတကား။ ။
ဒေါ်အောင်ဆန်းစုကြည်လာဘ်စားသတဲ့ဗျာ
ဒေါ်အောင်ဆန်းစုကြည်ဟာ လာဘ်ငွေတွေရွှေတွေ ယူလို့တဲ့ ထောင်ထဲအထိ ပို့လိုက်ပြီ။ တကယ်က ဘုန်းကြီးခေါင်းမှာ သန်းတွေအများကြီး ဆိုသလိုပါပဲ။ မဖြစ်နိုင်တာကို အဟုတ်လုပ်နေကြတဲ့ခေတ်ပျက်ကြီးပါ။ ဒေါအောင်ဆန်းစုကြည်ဟာ နိုဘဲလ်ဆုရှင်တိုင်း လစဉ်ခံစားခွင့် အမေရိကန်ဒေါ်လာ ၁၅၀၀၀ ရရှိတယ်လို့ ကြားဖူးပါတယ်။ အခုပေါက်ဈေး ၁ ဒေါ်လာ ၃၀၀၀ ကျပ်ပါ။ ကျပ်ငွေ သိန်းပေါင်း လေးရာ့ငါးဆယ် (၄၅,၀၀၀,၀၀၀) ရရှိပါတယ်။ ၁၉၉၁ ကတည်းက ရရှိတဲ့ လစဉ် ထောက်ပံ့ငွေတွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းထံ လှူဒါန်း ထောက်ပံ့တယ်။ သူက နိုင်ငံခြားရေးဝန်ကြီးရဲ့ လစာက ( သိန်း ၃၀ ) နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးရဲ့ လစာက ( ကျပ်သိန်း ၄၀) ပါ။ ဒါကို နိုင်ငံခြားရေးဝန်ကြီး လစာ တမျိုးကိုပဲယူတယ်။ လစာနှစ်ခုစလုံး မယူမနေရဆိုပြီး ကန့်သတ်မထားလို့ နိုင်ငံတော်ဆီ ပြန်လှူခဲ့တာဖြစ်ကြောင်းကို အားလုံးကသိပြီး ဖြစ်ပါတယ်။ စာရေးဆရာမကြီး တဦးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါပြည်အကြောင်းစာအုပ်၊ ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေးစာအုပ်တို့ အပါအဝင် အင်္ဂလိပ်ဘာသာနဲ့ ကမ္ဘာ့ရောင်းတန်းဝင် စာအုပ်တွေလည်း ရေးထားခဲ့တာပါ။ ဒီစာအုပ်တွေ ရောင်းရငွေ (ဒေါ်လာသန်းချီ) တွေကိုလည်း မြန်မာပြည်သူပြည်သားတွေကို လှူထားပြီးထားပါ။ ကာချုပ် မင်းအောင်လှိုင်လို လစာရဲ့ အဆပေါင်းများစွာ ပိုင်ဆိုင်နေသူကတော့ အရေးယူမခံရပဲ ပိုင်ဆိုင်မှုမှန်သမျှ လှူပေးနေတဲ့ ပရဟိတ ကာချုပ်ကြီး ဒေါ်အောင်ဆန်းစုကြည်ကြတော့ ဖမ်း ထောင်ချ လောကပါလ နတ်ဒေဝတွေ သက်တော်ကြွေ သေနေကြပြီလားဟရို့။
သမ္မတကြီး ဦးဝင်းမြင့်ကလည်း နိုင်ငံခြားခရီးစဉ်တစ်ခုမှာ သမ္မတရဲ့သုံးစွဲခွင့် ဒေါ်လာ ၃၀၀ ရှိတယ်။ ဒေါ်လာ ၃၀ ပဲသုံးပြီး ကျန်တာကို အစိုးရထံပြန်ပေးခဲ့တယ်။ "မြန်မာနိုင်ငံက ဆင်းရဲတယ်" အဲဒါကြောင့် နိုင်ငံဘဏ္ဍာကိုမသုံးရက်ပါဘူးတဲ့။ စံပြုထိုက် အတုယူထိုက် ကြည်ညိုလေးစားဖွယ်ရာ နှလုံးသားတစ်စုံ မြင်လိုက်ရပုံပေါ့။ အနာဂတ်ရဲ့ လူငယ်တွေရဲ့ လမ်းပြရှေ့ဆောင် သူတို့ရဲ့ လမ်းကောင်းကို လိုက်လျှောက် အတုယူထိုက်သူများပါ။ သဘင်စကားနဲ့ ပြောရရင် ချစ်စရာကောင်းတဲ့ သမ္မတကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ပေါ့။ ဒါကြောင့်လည်းပဲ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထု အားလုံးက သူတို့ကို ချစ်ကြတာ ဖြစ်ပါလိမ့်မယ်။ သူတို့တွေက နိုင်ငံရဲ့ ဘဏ္ဍာငွေကြေး ဥစ္စာတွေကို နည်းနည်းကလေးမှတောင် အလွဲသုံးစား မလုပ်ဘူး။ မဲမခိုးဘူး။ မဲမလိမ်ဘူး။ မဲခိုးမဲလိမ်မှ နိုင်ကြရမယ့် အခြေအနေတွေမျိုး မဟုတ်ဘူးလေ။ တရေးနိုးထပြိုင် မဲအပြတ်အသတ် နိုင်မယ့်သူတွေပါ။ မဲမသမာမှု လုပ်တယ်ဆိုပြီး အဓမ္မအာဏာသိမ်းယူသွားတဲ့ မအလတို့ စစ်ကောင်စီအဖွဲ့က အခုအထိ ဘာမှ သက်သေ မပြနိုင်သေးဘူးလေ။ သူခိုးတွေက လူပြန်ဟစ်နေကြတာပါ။ ပြက်လုံးတခုလိုပါပဲ။ အာဏာသိမ်း အကြမ်းဖက် လာဘ်စားတဲ့ စစ်ကောင်စီက ပရဟိ အလှူရှင်တွေကိုပြန်ပြီး ဖမ်းဆီးစွပ်စွဲ ထောင်ချနေတာကို ပြည်သူတရပ်လုံး စိတ်မချမ်းမြေ့ကြပါဘူးလေ။
လာဘ်စားထားသမျှပြန်အန်ထုတ်ပေးရမည့်ကာလသို့
စစ်တိုက်စားခြင်းတဲ့။ စစ်ကောင်စီ CDM တပ်သားက ပြောပြတာပါ။ "စစ်တိုက်တာ တိုက်ပွဲဖြစ်တယ်ဆိုတာက တကယ်တော့ ဓားပြတိုက်နည်းတခုပါ" တဲ့။ ဥပမာ တပ်မ ၄၄ လက်အောက်ခံ ကျိုက်မရောအခြေစိုက် ခမရ ၂၀၇ ပေါ့။ ရွာကြီးတရွာကို သူပုန်တွေရှိတယ်ဆိုပြီး လက်နက်ကြီးနဲ့ ထုသတဲ့။ ရွာသားတွေက ကြောက်လန့်ပြီး အဝတ်တထည် ကိုယ်တခုနဲ့ ဘာမှ ပိုင်ဆိုင်ပစ္စည်းတွေ မယူနိုင်ကြတော့ပဲ လက်လွတ် ပြေးကြရတော့တာပေါ့။ ဒီတော့မှ ရွာကြီးထဲ လက်နက်ငယ်နဲ့ ပစ်ပြီး ဝင်ကြတယ်။ အိမ်တွေကိုဝင် ရွှေ၊ ငွေ၊ ကျောက်စိမ်း၊ ပတ္တမြားလက်ဝတ်လက်စားတွေ ရှာဖွေပြီး ယူကြတယ်။ စောစောက လမ်းတားဂိတ်စောင့်စစ်သားက မင်္ဂလာပါဆိုပြီး ၅၀၀ ကျပ်ကနေ ၅၀၀၀၀ သာ ယူကြတယ်။ အခု ရှေ့တန်းစစ်သားတွေက အိမ်တိုင်းမွှေပြီး နှောက်ပြီး အကုန်ယူတာဗျ။ ငွေ၊ ရွှေ၊ လက်ဝတ်လက်စားတွေအပြင် ကြက်၊ ဝက်၊ ဘဲ၊ တီဗွီ၊ မော်တော်ကား၊ ရေခဲသေတ္တာ၊ မော်တော်ဆိုင်ကယ်၊ ကွန်ပြူတာ၊ ဂစ်တာ၊ မယ်ဒလင် အဝတ်အထည်တွေ စသဖြင့် အကုန်ယူတာတဲ့။
စစ်သားပွဲစား ဘီဂျီအက်ဖ်ပေါင်းကုန်ကားကြီးဖြင့် ပစ္စည်းတွေပြောင်း
စစ်ကောင်စီတပ်သားတွေက ရွာတွေကနေ အကုန်ယူကြတယ်။ ကရင်နယ်ခြားစောင့်တပ်နဲ့ အရပ်သားပွဲစား ကုန်သည်တွေ သုံးဦးသုံးဖလှယ် ပေါင်းပြီး ဓားပြတိုက်ရာပါ ပစ္စည်းတွေကို ခမရ ၂၀၇ တပ်ရင်း ဌာနချုပ်အရောက် သယ်ကြသတဲ့။ CDM တပ်သားနဲ့ သူ့ရဲ့ ဇနီးကို အင်တာဗျူး လုပ်ခွင့်ရတယ်။ တိုက်သမျှ မြို့တွေရွာတွေထဲမှာ ဘယ်မြို့ ဘယ်ရွာသိမ်းတိုက်ပွဲက ရွှေငွေ အများဆုံး ရရှိပါသလဲလို့ မေးကြည့်တဲ့အခါ "လေးကေ့ကော်" လို့ တပြိုင်တည်း ဖြေကြပါတယ်။ လေးကေ့ကော် စစ်မြေပြင်မှာ ပါဝင်ခဲ့သူ CDM တပ်သားရဲ့ ဇနီးက အခုလို ပြောပြပါတယ်။
"လေးကေ့ကော်ကိုသိမ်းတော့ တပ်တွေက အများကြီးပဲ။ ဒီထဲမှာ ၂၀၇ လည်းပါတယ်။ ဆိုင်ကယ်တွေ အများကြီးရတယ်။ ရွှေတွေ၊ ငွေတွေ၊ စိန်တွေတောင် ရကြတယ်။ အများဆုံးရတာက ၂၀၇ တပ်ရင်းမှူး ဗိုလ်မှူးသက်နိုင်ဦး။ သူက ကားဆို ၂ စီးတောင်မှ ရတယ်။ ကားလည်း တပ်ရင်းကို သယ်လာလို့ အရောက် တပ်ရင်းမှူးလည်း ဗိုလ်စလုံး စခန်းတိုက်ပွဲမှာ သေတာပဲ။ အဲ့ဒီတပ်ရင်းမှူးက လောဘဘယ်လောက်တက်ပြီး စိတ်ထဲမှာ ပစ္စည်းတွေကို စွဲနေသလဲတော့ မသိဘူး။ သူသေတော့ သူ့ဝိဉာဥ်က တပ်ရင်းကိုရောက်နေတဲ့ ကားထဲပြန်ရောက်နေတယ်ထင်ပါရဲ့။ တပ်ရင်းမှာ အဲ့ဒီကားကြီးက ညသန်းခေါင်ဆိုရင် သူ့ဘာသာသူ စက်တွေ နိုးလာတယ်။ ဟွန်းတွေ တီတီ ပွမ်ပွမ်နဲ့ အလိုလို ထမြည်နေတာ ကျမတို့ ကြားကြား နေခဲ့ရပါတယ်။ "
မင်္ဂလာပါရင်နာနာ
ကျောင်းသားတွေက ဆရာနဲ့တွေ့ရင် "မင်္ဂလာပါ" လို့ နှုတ်ဆက်ကြတယ်။ လူအချင်းချင်းတွေ့ရင်လည်း "မင်္ဂလာပါ" လို့ နှုတ်ဆက်ကြပါတယ်။ ကြည်နူးရတယ်။ စိတ်ချမ်းသာရတယ်။ ဒါပေမဲ့ လက်ရှိဗမာပြည်မှာတော့ မင်္ဂလာပါ အသံကြားရရင် ရင်နာနေရပါပြီ။ စိတ်မချမ်းသားကြရတော့ပါ။ တကယ်တော့ မင်္ဂလာဆိုတာ "မင်္ဂလ" ပါဠိစကားလုံးကနေ ဆင်းသက်လာတယ်။ မင်္ဂလ ဆိုတာ "မကောင်းမှုသဘောတရားများကို ပယ်ဖျက်နိုင်သည့်သဘော" လို့ အဓိပ္ပာယ်ရပါတယ်။ မင်္ဂလာပါ ဆိုတာ မဟုတ်တာ၊ မမှန်တာ မလုပ်မိကြစေဖို့၊ မကြံစည် မိကြစေဖို့ အပြန်အလှန် တယောက်နဲ့တယောက် သတိပေးကြတဲ့သဘော သက်ရောက်တဲ့ မြန်မာတို့ရဲ့ နှုတ်ဆက်စကား မင်္ဂလာပါ။ အခုကတော့ မြို့ဝင် မြို့ထွက် မြို့လယ် ဂိတ်တိုင်းမှာ လာဘ်ငွေ ၅၀၀ ကျပ်ကနေ ၅ သောင်းကျပ်အထိ တောင်းပြီး မင်္ဂလာပါလို့ နှုတ်ဆက် ပြောနေသံတွေကို ကြားနေကြရတာကတော့ မင်္ဂလာ မရှိတဲ့ ရင်နာစရာ အမင်္ဂလာ ဖြစ်ပါရဲ့။ ဒါမှမဟုတ် မင်္ဂလာပါရင်နာနာ လို့သာ ပြောလိုက်ရပါတော့တယ်ခင်ဗျာ။ ။
မောင်တူး