ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ် ၃ မြို့နယ်မှာ ဇွန် ၁ ရက် နေ့လယ်ပိုင်းက မိုးသက်လေပြင်း ကျရောက်ခဲ့တဲ့အတွက် စာသင်ကျောင်းအပါအဝင် နေအိမ် ၆၀ လောက်နဲ့ စိုက်ခင်းတွေပါ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလောမြိုနယ်၊ သစ်ယားပင်ကျေးရွာမှာ စာသင်ကျောင်း တကျောင်းနဲ့ နေအိမ် အလုံး ၄၀ ပျက်စီးပြီး ရပ်စောက်မြိုနယ်၊ ပင်ဖြစ်ကျေးရွာမှာလူ နေအိမ် ၇ လုံးနဲ့ ဆီဆိုင်မြိုနယ်၊ ဆိုက်ခေါင်စံပြ ကျေးရွာမှာနေအိမ် ၁၀ လုံးထက် မနည်း ပျက်စီးခဲ့ပါတယ်။
သစ်ယားပင်ရွာနေ အမျိုးသမီး တဦးက“ သစ်ယားပင်ရွာက အိမ်ခြေ ၁၀၀ နီးပါရှိတယ်။ တဝက် နီးပါးက ပျက်စီးသွားတယ်။ စာသင်ကျောင်းပါ ပျက်စီးတော့ ကလေးတွေရဲ့ ကျောင်းသုံး ဖတ် စာအုပ်အစ ရေစိုပျက်စီး ကုန်တယ်။ ပျက်စီးသွားတဲ့ အိမ်တွေလည်း ပြန်ပြင်ဖို့ အခက်ခဲ ရှိကြတယ်”လို့ ပြောပါတယ်။
ဒါအပြင် မိုးကြီးချိန် လေပြင်းတိုက်ပြီး မိုးသီးတွေပါရွာချတာကြောင့် နေအိမ်အဆောက်အအုံ ပျက်စီး တဲ့အပြင် တောင်သူတွေ စိုက်ပျိုးထားတဲ့ သနပ်ဖက်ပင် ဂေါ်ဖီထုတ်ပင် ခရမ်းချည်ပျိုးပင်စတဲ့ အပင်တွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို ဒေသခံတွေက ဆိုပါတယ်။
ရှမ်းပြည်တောင်ပိုင်းမှာ အခုနှစ် မိုးကာလမဝင်မှီ မိုးသက်လေပြင်း တိုက်ခိုက်မှုတွေကြောင့် နေအိမ်နဲ့ အဆောက်အအုံ အလုံး ၃၀၀ ထက်မနည်း ပျက်စီးခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက် အရ သိရပါတယ်။