စစ်ကိုင်းတိုင်းမှာ အတိုင်ပင်ခံကောင်စီဖွဲ့စည်းဖို့နဲ့ အာဏာရှင်စနစ်အားလုံး အပြီးတိုင်ချုပ်ငြိမ်းရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးတို့ကို ဖော်ဆောင်ဖို့ရည်မှန်းထားကြောင်း စစ်ကိုင်းဖိုရမ်ကနေ သဘောထားထုတ်ပြန်လိုက်ပါတယ်။
ပထမအကြိမ် စစ်ကိုင်းဖိုရမ်ကို မေ ၃၀ ရက်ကနေ ၃၁ ရက်အထိ နှစ်ရက်ကြာကျင်းပပြီးနောက် ဇွန် ၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။
ဖိုရမ်မှာ စစ်ကိုင်းတိုင်းအတွင်း ၂၈ မြို့နယ်မှာ အခြေစိုက်တဲ့ တော်လှန်ရေးအဖွဲ့ပေါင်း ၁၇၃ ဖွဲ့နဲ့ လေ့လာသူ ၃၁ ဦးတက်ရောက်ကြပြီး စစ်ကိုင်းတိုင်းရဲ့ အနာဂတ်ရေးရာတွေနဲ့ ပတ်သက်လို့ နိုင်ငံရေး၊ စစ်ရေး၊ ဒေသန္တရအုပ်ချုပ်ရေးနဲ့ အထွေထွေကဏ္ဍအဖြစ် သပိတ်၊ CDM၊ သယံဇာတ၊ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး ကိစ္စတွေ စုပေါင်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးမှာပါဝင်တဲ့ နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့အစည်းတွေအကြား အားလုံးပေါင်းစပ် ညှိနှိုင်းဆွေးနွေးဆုံးဖြတ်နိုင်တဲ့ တိုင်းအတိုင်ပင်ခံကောင်စီ (သို့မဟုတ်) အစုအဖွဲ့တခုတည်ဆောက်ပြီး စစ်အာဏာရှင်စနစ် အပါအဝင်အာဏာရှင်စနစ်အားလုံး အပြီးတိုင်ချုပ်ငြိမ်းရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးတို့ကို ဖော်ဆောင်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုင်းအဆင့် အရေးတကြီးလိုအပ်နေတဲ့ နိုင်ငံရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်တွေအဖြစ် တိုင်းအဆင့် အသွင်ကူးပြောင်းရေး ကာလအစီအမံတွေပေါ်ပေါက်ရေး၊ တိုင်းအဆင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မူဝါဒတွေ ရေးဆွဲရေး၊ တိုင်းအတွင်း အုပ်ချုပ်ရေးနဲ့ စစ်ရေးအဖွဲ့တွေအကြား အပြန်အလှန် ထိန်းကျောင်းနိုင်ရေးနဲ့ ဒေသတွင်း ကာကွယ်ရေးအဖွဲတွေ စုစည်းအားကောင်းနိုင်ရေးတို့ကို ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နဲ့ အညီ လုပ်ဆောင်သွားဖို့ သဘောထားပေး ဆွေးနွေးခဲ့ကြတယ်လို့လည်းသိရပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေစတင်ပေါ်ပေါက်လာတဲ့ ၂ နှစ်ပြည့်အချိန်နဲ့ကိုက်ပြီး စစ်ကိုင်းဒေသတွင်း တော်လှန်ရေးခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါဝင်တဲ့ စစ်ကိုင်းဖိုရမ်ကို အွန်းလိုင်းကနေ ကျင်းပခဲ့တာဖြစ်ပါတယ်။
ဖိုရမ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း စစ်ကိုင်းဒေသတွင်းအဖွဲ့တွေကို အားပေးထောက်ခံကြောင်း သဝဏ်လွှာတွေပေးပို့ခဲ့ပြီး အပြန်အလှန် ဆွေးနွေးငြင်းခုံမှုတွေလည်းရှိခဲ့ပါတယ်။
ဆွေးနွေးချက်တွေအရ တော်လှန်ရေးဟာ မြေပြင်တိုက်ပွဲတွေမှာ အောင်မြင်သင့် သလောက်အောင်မြင်မှုရခဲ့သလို NUG နဲ့ တော်လှန်ရေးအင်အားစုတွေဘက်က ပြင်ဆင်ရမယ့်အ ချက်တွေလည်း အများအပြားရှိတာတွေ့ရတယ်လို့ NUG လက်အောက်ခံ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ တပ်ရင်းမှူးက ပြောပါတယ်။
ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ တပ်ရင်းမှူး ကိုဥက္ကာ "လက်နက်ကိုင်တော်လှန်ရေးစခဲ့တာ ၂ နှစ် ပြည့်ခဲ့ပြီပေါ့နော်။ မြေပြင်ရဲဘော်တွေအနေနဲ့ အခက်အခဲတွေလည်း အများကြီးရှိပါတယ်။ ကျနော်တို့ပြင်စရာတွေလည်း အများကြီးရှိတယ်ဗျ။ စစ်တပ်က စစ်ပုံကျကျ အမိန့်ပေးစနစ်အား ကောင်းကောင်းနဲ့ ဒီရွာကိုဝင်ဆိုဝင် ဒီအိမ်ကိုမီးရှို့ဆိုရှို့ ဖျက်ဆီးဆိုဖျက်ဆီး ဒီလူကိုသတ်ဆိုသတ်၊ အမိန့်ကို ကောင်းကောင်းနာခံပြီးလုပ်တဲ့စစ်တပ်ကို တွန်းလှန်တဲ့နေရာမှာ မြေပြင် တော်လှန်ရေး အင်အားစုတွေအနေနဲ့ အားကောင်းတဲ့အင်အားစုတစ်ခုကိုတွန်းလှန်ဖို့ ကျနော်တို့ကိုယ်တိုင် အမိန့်ပေးကွပ်ကဲမှုတွေ အထက်အောက်အမိန့်စီးဆင်းမှုတွေဟာ အားကောင်းနေဖို့လိုပါလိမ့်မယ်။ ကျနော်တို့ဘက်ကပြင်စရာရှိတာကိုလည်းပြင်ရမယ်။ MOD ဘက်က ပြင်စရာရှိတာပြင်ရမယ်။ စစ်ကောင်စီအခုလုပ်သွားတာတွေက ဝမ်း တူး သရီး ဆိုတဲ့ Plan တွေနဲ့ သေချာလုပ်သွားတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ဘက်ကလည်း ခိုင်မာ သေချာတဲ့ Plan တွေ ချဖို့လိုနေပြီလို့ အကြံပြုချင်တယ်ဗျ”လို့ ပြောပါတယ်။
NUG ရဲ့ လက်နက်နဲ့ရိက္ခာထောက်ပို့တဲ့စနစ်၊ ခိုင်မာတဲ့မူဝါဒနဲ့ကွပ်ကဲနိုင်မှု၊ စစ်ရေးနဲ့နိုင်ငံရေး ခွဲခြားသိမြင်နိုင်မှု၊ လူငယ်တွေစိတ်ပျက်ပြီးတော်လှန်ရေးလမ်းပေါ်က မထွက်သွားအောင် စည်းရုံးနိုင်မှု၊ ပြန့်ကျဲနေတဲ့ Local PDF တွေကို ဗျူဟာကျကျစည်းရုံးနိုင်ရေး၊ ဒေသတွင်းအမှန်တကယ် တိုက်ပွဲဝင်နေတဲ့ခေါင်းဆောင်တွေကို အသိအမှတ်ပြုနေရာပေးရေး၊ စစ်ဘက်ဆိုင်ရာတရားစီရင်ရေးကို ခိုင်ခိုင်မာမာဆောင် ရွက်နိုင်ရေး ဒီအချက်တွေမှာ စိန်ခေါ်မှုရှိနေဆဲဖြစ်တယ်လို့ စစ်ကိုင်းဖိုရမ်မှာ ဦးဆောင်ပါဝင်သူတဦးက သုံးသပ်ပါတယ်။
စစ်ကိုင်းနယ်ခံ နိုင်ငံရေးသမား စိုးဝင်းဆွေက "အင်တိုက်အားတိုက်ပါဝင်နေတဲ့ တော်လှန် ရဲဘော်လူငယ်တွေက တော်လှန်ရေးမှာ ဆက်လက်ပါဝင်ဖို့ဆိုရင် သူတို့တွေကို ကျနော်တို့တွေက ဘယ်လိုမူဝါဒတွေနဲ့ ဆက်လက်ပြီးတော့ ပါဝင်နိုင်အောင်လုပ်ဆောင်မလဲဆိုတာ PDF ၂ နှစ်ပြည့်ကာလမှာ ကိုင်တွယ်ဖြေရှင်းရမယ့် ပြဿနာတစ်ခုလို့ မြင်တယ်ဗျာ။ ဖွဲ့စည်းပုံအရတော့ PDF တပ်ရင်းတွေက ဖွဲ့စည်းပုံ အပြည့်နီးပါးဖြည့်ဆည်းထားတယ်လို့ ကျနော်တို့နားလည်တယ်ဗျာ။ ဒီအဖွဲ့အစည်းတွေဟာ အရည်အတွက်ထက် အရည်အချင်းပိုင်းဆိုင်ရာပြည့်စုံဖို့လိုမယ်။ NUG ၊ MOD အောက်မှာရှိနေပြီးသား တပ်ရင်းတပ်ဖွဲ့တွေအပြင် အကြောင်းအမျိုးမျိုးနဲ့ MOD နဲ့ချိတ်ဆက်ခြင်းမပြုနိုင်သေးတဲ့တော်လှန်တပ်ဖွဲ့တွေနဲ့ရော ဘယ်လို ဆက်သွယ်ဆက်ဆံမလဲဆိုတဲ့ တိကျခိုင်မာတဲ့ မူဝါဒတွေရှိဖို့လိုမယ်ထင်တယ်ဗျ။ နောက်ပိုင်းမှာတော့ နိုင်ငံရေးနဲ့စစ်ရေးကိုခွဲ ခြားပြီးတော့ မြေပြင်မှာ တကယ်တိုက်နေတဲ့ ခေါင်းဆောင်တွေကိုယ်တိုင် ဒေသအလိုက် တိုင်းအဆင့် ပြည်နယ်အဆင့် စစ်ရေးကိုဦးဆောင်တာမျိုး၊ စစ်ဘက်ဆိုင်ရာတရားစီရင်ရေးနဲ့ စစ်ဘက်ဆိုင်ရာ ကွပ်ကဲရေးတွေမှာ ဒေသခံစစ်ရေးခေါင်းဆောင်တွေကိုယ်တိုင် ပါဝင် ဆုံးဖြတ်ခွင့်ပြုတာမျိုး၊ ဒါမျိုးတွေဆောင်ရွက်ရင်တော့ ရေရှည်အားကောင်းတဲ့ PDF တပ်ရင်းတွေဖြစ်လာမယ်လို့ ယူဆပါတယ်ဗျ”လို့ ပြောပါတယ်။
တော်လှန်ရေးကိုဆက်ထိန်းဖို့ အဓိကအချက်ဖြစ်တဲ့ လက်နက်အတွက် ငွေကြေးရှာဖွေရေး ကိစ္စဟာလည်း မြန်မာငွေတန်ဖိုးကျတာနဲ့အတူ ပိုခက်ခဲလာတယ်လို့ စစ်ကိုင်း-မန္တလေးနယ်စပ်မှာ လှုပ်ရှားနေတဲ့ ဇီးရိုးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကပြောပါတယ်။
လက်နက်ကိုင်တော်လှန်ရေးစခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းက ကျည်ဆန်တတောင့်ကို ငွေကျပ် ၂၅၀၀ ကနေ ၅၀၀၀ အတွင်းဈေးရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာ ကျည်တတောင့်ကို ၉၀၀၀ ကျော် ၁၀၀၀၀ နီးပါးပေးဝယ်နေရတယ်လို့ ဆိုပါတယ်။ PDF တွေဘက်က လိုအပ်ချက်မြင့်မားနေသလို အလှူရှင်တွေဘက်ကလည်း အချိန်ကြာလာတာနဲ့အတူ ဆက်လှူဖို့ခက်ခဲလာပါတယ်။
ဇီးရိုးပြောက်ကျားတပ်ဖွဲ့ဝင် ဗိုလ်ဇီးရိုးက "၂၀၂၃ မှာ ကျနော်တို့ စစ်ရေးအရှိန်မြှင့်တင်တာနဲ့အမျှ ကျနော်တို့ တိုက်ပွဲကြီး ၁၀ ပွဲရှိခဲ့ပါတယ်။ စခန်းသိမ်းတိုက်ပွဲတွေပါဝင်ပါတယ်။ ၁လပိုင်းကနေ ၅လပိုင်းအထိ ကျနော်ရဲ့စစ်သုံးစရိတ်ကုန်ကျမှုက သိန်း ၂၄၀၀ ကျော်ရှိပါတယ်။ အနီးဆုံးပြောပြရမယ်ဆိုရင် ၂၁ ရက် ၅ လပိုင်းက ဆားတောင်မြို့မရဲစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲတစ်ခုတည်းကို ကုန်ကျစရိတ် သိန်း ၂၆၀ ကျော်ရှိပါတယ်။ တခြားအဖွဲ့တွေမပါသေးပါဘူး။ တိုက်ပွဲတပွဲဖော်ဆောင်ပြီဆိုရင် အများကြီးတိုက်ရပါတယ်။ အဲ့ဒီအတွက်တိုက်ပွဲတ ပွဲရဲ့ကုန်ကျစရိတ်က အများကြီးရှိလာနေပါတယ်။ ကျည်ဆန်ကလည်း ကျနော်တို့စတိုက်တုန်းက တတောင့် ၂၅၀၀ လောက်နဲ့စ တိုက်ခဲ့ရတာ ခု ကျည်ဆန်တတောင့်ဟာ ၉၀၀၀ နဲ့ ၁၀၀၀၀ ကြားမှာဖြစ်သွားပြီ။ RPG ထိပ်ဖူးတဖူးဆိုရင်လည်း သိန်း ၂၀ ကျော်သွားပြီ။ ဈေးတွေတအားကြီးလာတယ်။ အလှူရှင်တွေလည်း တအားပန်းလာပြီဆိုတာ ကျနော်တို့နား လည်ပါတယ်။ ကျနော်တို့ အလုပ်တအားလုပ်ချင်တယ်။ ပြည့်စုံမှုမရှိတော့ စိတ်ရှုပ်ရတယ်”လို့ ပြောပါတယ်။
မြေပြင်မှာဖြစ်ပေါ်နေတဲ့ ဝေဖန်မှုတွေ၊ အဆင်မပြေမှုတွေနဲ့ပတ်သက်ပြီး တော်လှန်ရေး ပန်းဝင်ခါနီးမှာ တော်လှန်ရေး ပုံဖျက်တဲ့ အဖျက်အမှောင့်စကားတွေဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က မေလ ၅ ရက်နေ့ PDF ၂နှစ်ပြည့်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။
မြေပြင်ကလက်နက်ကိုင်အစုအဖွဲ့တွေတကွဲတပြားဖြစ်နေတယ်၊ NUG ကမထိန်းသိမ်းနိုင်ဘူး၊ တော်လှန်ရေးရေစုန်မြောပြီဆိုတဲ့ ပြောစကားတွေကိုချေပနိုင်ဖို့ တော်လှန်ရေးအင်အားစုအားလုံးက ညီညွတ်ကြောင်း သက်သေပြကြဖို့ ဝန်ကြီးဦးရည်မွန်က တိုက်တွန်းပြောဆိုထားပါတယ်။
ပထမအကြိမ် စစ်ကိုင်းဖိုရမ်ကို NUG၊ NUCC၊ KNU ၊ KNPP ၊ CNF ၊ DPNS နဲ့ ABSDF အပါအဝင် အဖွဲ့အစည်းပေါင်း ၃၀ လောက်က သဝဏ်လွှာတွေ ပေးပို့ခဲ့ကြရာမှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကတော့ စစ်ကိုင်းတိုင်းအနေနဲ့ ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ်ပါဝင်နိုင်ဖို့ မျှော်လင့်နေတဲ့အကြောင်း သဝဏ်လွှာမှာဖော်ပြပါတယ်။
စစ်ကိုင်းတိုင်းကို ဦးဆောင်နေသူတွေရဲ့ နိုင်ငံရေးရည်မှန်းချက်ခိုင်မာမှု၊ အမြော်အမြင်ရှိမှု၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကိုကျင့်သုံးပြီး မတူကွဲပြားမှုတွေကို အင်အားအဖြစ်စုစည်းကာ ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ် ဖွဲ့စည်းနိုင်ရေးကို ကေအန်ယူက တိုက်တွန်းထားပါတယ်။
စစ်ကိုင်းတိုင်းမှာ ပိုမိုကျယ်ပြန့်တဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်လက် ဆွေးနွေးညှိနှိုင်းနိုင်ရေးအတွက် ဒုတိယအကြိမ် စစ်ကိုင်းဖိုရမ်ဆကို ထပ်မံကျင်းပဖို့အတည်ပြု ဆွေးနွေးခဲ့ကြပြီး ပထမအကြိမ်ဖိုရမ်မှာ အကြောင်းအမျိုးမျိုးကြောင့် ပါဝင်တက်ရောက်နိုင်ခြင်း မရှိခဲ့တဲ့ တိုင်းအတွင်း တော်လှန်ရေး အစုအဖွဲ့တွေကို ပွင့်လင်းမြင်သာစွာ ထပ်မံဖိတ်ခေါ်ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။