ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်တို့မှာ နှစ်ရက်အတွင်း မိုးကြိုးပစ်ခံရပြီး ကျောင်းသား ၂ ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးကြိုးပစ်ခံရတာကြောင့် ရမ်းဗြဲမြို့နယ် လေးတောင်မြို့ အကွက် ၁ နဂါးရပ်က မေ ၃၁ ရက်က Grade-8 ကျောင်းသား မောင်လင်းလင်းထွန်း (၁၅ နှစ်) နဲ့ Grade-11 ကျောင်းသား မြင့်မြတ်မောင် (၁၇ နှစ်) တို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
နောက်တဦးကတော့ မေ ၃၀ ရက် ညနေမှာ စက်လှေတစီးကို မိုးကြိုးပစ်ခတ်မှုကြောင့် ကျောက်ဖြူမြို့နယ် မင်းချောင်းကျေးရွာနေ ဦးထွန်းဝင်းချေ (၄၄ နှစ်) သေဆုံးသွားခဲ့ပြီး စက်လှေပဲ့ကိုင် ကိုမောင်မောင်တင်လည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
လေးတောင်မြို့က သေဆုံးသွားတဲ့ ကျောင်းသား ၂ ဦးမှာ လျှပ်စီးလက်၊ မိုးရွာနေစဉ် ဖုန်းအားသွင်းပြီး ဂိမ်းဆော့နေတဲ့အတွက် မိုးကြိုးပစ်ခံရပြီး သေဆုံးသွားတာလို့ အိမ်နီးနားချင်းတဦးက ပြောပါတယ်။
“ကလေးနှစ်ယောက်က မိုးရွာ လျှက်စီးလက်နေတုန်းမှာ ဖုန်းအားသွင်းပြီး ဂိမ်းဆော့နေကြတာလို့ သိရတယ်။ အဲဒီအချိန်မှာ မိုးကြိုးပစ်ခံလိုက်ရတာ။ နှစ်ယောက်လုံး အဲဒီနေရာမှာ သေသွားတယ်။”
လေးတောင်မြို့မှာ မေ ၃၁ ရက် မွန်းလွဲ ၁၂ နာရီလောက်က ရုတ်တရက် မိုးရွာသွန်းကာ လျှပ်စီးလက် မိုးကြိုးပစ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မေ ၃၀ ရက်ကလည်း ကျောက်ဖြူမြို့နယ် မင်းချောင်းကျေးရွာက စက်လှေတစီး မိုးကြိုးပစ်ခံခဲ့ရပြီး အမျိုးသားတဦး သေဆုံးခဲ့ကာ တဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့ မင်းချောင်းကျေးရွာသားတဦးက ပြောပါတယ်။
“သူတို့က ကျောက်ဖြူဘက်က စက်လှေနဲ့လာကြတာ၊ အဲဒီမှာ မိုးကြိုးပစ်ခံရတာဖြစ်တယ်။ အခု သေသွားတဲ့ ကိုထွန်းဝင်းချေနဲ့ စက်လှေပဲ့ကိုင် ကိုမောင်မောင်တင်တို့က အနီးလေး ထိုင်နေကြတာ၊ အဲဒီမှာ မိုးကြိုးပစ်ခံရတော့ ကိုထွန်းဝင်းချေက သေသွားပြီး ကိုမောင်မောင်တင်မှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတယ်။”
မိုးကြိုးပစ်ခံရတဲ့ စက်လှေပေါ်မှာ မိန်းမတွေနဲ့ ကလေးတွေ ပါပေမဲ့ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ ရွာသားတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်ပြီးနောက် သစ်ပင်အများအပြား ပျက်စီးခဲ့ပြီး အပူချိန်မှာ အရင်ကထက် မြင့်တက်လာနေပါတယ်။
မေ ၂၆ ရက်ကလည်း ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာမှာ မိုးကြိုးပစ်ခံရပြီး အသက် ၄ နှစ်အရွယ် ယောက်ျားလေးတဦး သေဆုံးခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
“မိုခါ” မုန်တိုင်းပြီးနောက် ရခိုင်ပြည်နယ်အတွင်း မိုးကြိုးပစ်ခံရပြီး အသက်သေဆုံးသူ ၄ ဦးအထိ ရှိလာပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁ ဦးရှိခဲ့ပါတယ်။