ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့နားမှာ မေလ ၃၁ ရက် ညနေ ၆ နာရီလောက်က အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၉ ရှိ မြေငလျင်တခုလှုပ်ခတ်သွားပြီး ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတချို့ အပျက်အစီးရှိခဲ့ပါတယ်။
အင်အားအသင့်အတင့်ရှိတဲ့ ငလျင်ဟာ မေလ ၃၁ ရက် ညနေ မြန်မာစံတော်ချိန် ၅ နာရီ၊ မိနစ် ၅၀ ၊ ၂၂ စက္ကန့် အချိန်မှာ ကသာမြေငလျင်စခန်းမှ မြောက်-အနောက်မြောက် ၆၈ မိုင် လောက် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း၊ ဟိုပင်မြို့ရဲ့ အနောက်မြောက် ၂၂ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၅.၁၇ ဒီဂရီ၊ အရှေ့လောင် ဂျီတွဒ် ၉၆.၂၂ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ရှားသွားတာလို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ငလျင်ကြောင့် ဟိုပင်-ဝှေလုံ ကားလမ်းတချို့နေရာမှာ လမ်းအက်ကွဲခဲ့ပြီး ရေတွေထွက်လာတာကို တွေ့ရသလို မိုးညှင်းမြို့နယ်၊ ဟဲပုရွာဘုန်းတော်ကြီးကျောင်းမုခ်ဦး ပြိုကျသွားပြီး ဟဲပုကမ်းခြေမှာလည်း မြေသားတွေ အက်ကွဲခဲ့ပါတယ်။
နန့်မောက်ကန်ကျေးရွာမှာ မီးသင်္ဂြိုဟ်စက်ခေါင်းတိုင် ပြိုကျပျက်စီးခဲ့ပြီး အလယ်တန်းကျောင်း မျက်နှာကြက်နဲ့ နံရံလည်း ပြိုကျသွားပါတယ်။
ဒါ့အပြင် လယ်ပုံလေး ဘုန်းကြီးကျောင်းအုတ်တံတိုင်း ပြိုကျပျက်စီးပြီး အင်းတော်ကြီး အထက်တန်းကျောင်းနံရံတချို့ပြိုကျတာနဲ့ ပြတင်းပေါက်တချို့လည်း ကွဲသွားခဲ့ပါတယ်။
အင်းတော်ကြီး ရေလယ် ရွှေမဥ္ဇူဘုရားကြမ်းခင်းကြွေပြားတွေ အက်ကွဲခဲ့သလို ဘုန်းကြီးကျောင်း မျက်နှာကြက်နဲ့ ပြတင်းပေါက်တွေလည်း အက်ကွဲသွားပါတယ်။ ပြီးတော့ နန့်မောက္ကန်ရွာ အလယ်တန်းကျောင်းရဲ့မျက်နှာကြက်နဲ့ နံရံတွေပြိုကျပျက်စီးခဲ့ပါတယ်။
မြေငလျင်ကြောင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနဲ့ လမ်းတွေပျက်စီးသွားတာရှိပေမဲ့ လူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးတဲ့သတင်းတွေကတော့ မကြားသိရသေးပါဘူး။