ထောင်ဒဏ် ၁ဝ နှစ် ထပ်မံချမှတ်ခံလိုက်ရတဲ့ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း အပါအဝင် ဖမ်းဆီးခံ သတင်းထောက် အားလုံးကို ပြန်လွှတ်ပေးဖို့ နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ)က စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။
သတင်းထောက်တွေကို ဖမ်းဆီးထောင်ချနေတာ ရပ်တန့်ပြီး အဖမ်းခံထားရတဲ့ သတင်းထောက် အားလုံးကိုပြန်လွှတ်ပေးဖို့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ)က စစ်ကောင်စီကို မေလ ၃၀ ရက်က ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။
မမှူးရတနာခက်မို့မို့ထွန်းအပေါ် စွဲဆိုထားချက်တွေကို ချက်ချင်း ရုပ်သိမ်းရမယ့်အပြင် သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ဖို့အတွက် စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ စွဲချက်တင်ဖ မ်းဆီးထားတဲ့ သတင်းထောက်တွေကို ပြန်လွှတ်ပေးသင့်တယ်လို့ CPJ ရဲ့ အရှေ့တောင်အာရှရေးရာ အကြီးတန်းကိုယ်စားလှယ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်က ကောက်ယူထားတဲ့ စာရင်းအရ မမှူးရတနာခက်မို့မို့ထွန်း အပါအဝင် သတင်းထောက် ၄၂ ယောက်ထက်မနည်း ဖမ်းဆီးခံထားရပြီး ဒါဟာ မြန်မာနိုင်ငံဟာ တကမ္ဘာလုံးအတိုင်းအတာအရ သတင်းထောက်တွေ ဖမ်းဆီးခံရတဲ့ တတိယ အဆိုးဆုံးနိုင်ငံ ဖြစ်နေတယ်လို့လည်း CPJ က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းချိန်ကစလို့ သတင်းထောက် ၁၅၀ ကျော် အဖမ်းခံခဲ့ရပြီး အဲဒီထဲက ၁ဝဝ ကျော် ပြန်လွတ်ခဲ့ကာ ဖမ်းဆီးခံခဲ့ရသူတွေထဲက ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ကတော့ စစ်ကြောရေးမှာ သေဆုံးခဲ့ရပါတယ်။