တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်း ခရီးသွားပြည်သူတွေဆီက ငွေကြေးနဲ့ ပစ္စည်းတွေ တောင်းခံတဲ့ တော်လှန်ရေးအမည်ခံ လက်နက်ကိုင်အဖွဲ့တွေကို ဥသြစစ်ကြောင်းထံ တိုင်ကြားနိုင်တယ်လို့ မေ ၂၈ ရက်မှာ ထုတ်ပြန်ချက်နဲ့ အသိပေးခဲ့ပါတယ်။
ဥသြစစ်ကြောင်းအနေနဲ့ ထားဝယ်မြို့နယ် အရှေ့တောဒေသ ထီးခီးလမ်းပိုင်း အပါအဝင် ထားဝယ်မြို့နယ်အတွင်း လုံခြုံရေးအတွက် ရပ်ရွာအတွင်း စစ်ဆေးတာ၊ ခရီးသွားယာဉ်တွေကို ရှောင်တခင် စစ်ဆေးရာမှာ ခရီးသွားပြည်သူနဲ့ ရပ်ရွာလူထုဆီက ငွေကြေးနဲ့ပစ္စည်း တစုံတရာ ယူဆောင်ကောက်ခံခြင်း မပြုလုပ်ခဲ့ဘဲ နောင်လည်း ပြုလုပ်မှာမဟုတ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဥသြစစ်ကြောင်းအဖွဲ့ဝင် ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက “အရှေ့တောလမ်းပိုင်းမှာ ဆက်ကြေးတောင်းတယ်ဆိုပြီး အသံထွက်နေတာရှိတယ်။ ကျနော်တို့ကတော့ မတောင်းဘူး။ တောင်းနေတဲ့ အဖွဲ့တွေကိုတော့ အချက်အလက်တွေနဲ့ တိုင်လို့ရတယ်။ အဲဒီအခါကျရင် အရေးယူတာတွေလုပ်မယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
တော်လှန်ရေးအမည်ခံပြီး ငွေကြေးနဲ့ပစ္စည်း တောင်းခံနေတဲ့ လက်နက်ကိုင်အဖွဲ့တွေကို အချက်အလက်တွေနဲ့ ဥသြစစ်ကြောင်းရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ တိုက်ရိုက် တိုင်ကြားနိုင်တယ်လို့ ဥသြစစ်ကြောင်းက ပြောပါတယ်။
ဥသြစစ်ကြောင်းဟာ ပကဖအဖွဲ့ ၅ ဖွဲ့နဲ့ PDF တပ်ရင်းတခု စုပေါင်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လမ်းညွှန်မှုအောက်မှာရှိတဲ့ စစ်ကြောင်းတခု ဖြစ်ပါတယ်။
မေ ၂၈ ရက်မှာ ထားဝယ်မြို့နယ် ရေဝိုင်းကျေးရွာဘက်ကနေ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်း အရှေ့တောဒေသဘက်ကို ဝင်ရောက်လာပြီး ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
ရေဝိုင်းရွာအတွင်းမှာ နေအိမ်တချို့ မီးရှို့ခံထားရပြီး လက်ရှိ နေအိမ်နှစ်ဆောင် မီးလောင် ပျက်စီးထားကြောင်း ဒေသခံတဦးက အတည်ပြုပါတယ်။
ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံက “ဒီနေ့ မေ ၃၀ မွန်းတည့်ပိုင်းကတော့ စစ်ကြောင်း ပြန်ထွက်သွားပြီ။ ပကာရီဘက်မှာတော့ အင်အား ဆက်ဖြည့်ထားတယ်” လို့ ပြောပါတယ်။
မေ ၂၀ ရက်နဲ့ ၂၂ ရက်တွေမှာ အရှေ့တောဒေသ ဥယျာဉ်ကြီးနဲ့ အညာဖျားရွာတွေကို ဝင်ရောက်တဲ့ စစ်ကောင်စီစစ်ကြောင်း ၅ ကြိမ်ထက်မနည်း တိုက်ခိုက်ခံရပြီးနောက် မေ ၂၈ ရက်မှာ ရေဝိုင်းရွာဘက်ကနေ စစ်ကြောင်းပြန်ဝင်လာတာ ဖြစ်ပါတယ်။
စစ်ကြောင်းဝင်တဲ့ နှစ်ကြိမ်စလုံးမှာ လမ်းပိုင်းက ရွာသားတချို့ကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခဲ့ပါတယ်။