စစ်ကိုင်းတိုင်း ကလေးမြို့ဘက်ကနေ တောင်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ကျဆုံးမှု များခဲ့တယ်လို့ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိရပါတယ်။
မေ ၂၇ ရက် မနက်ပိုင်းက ပေါက်ခုံရထားခုံးကျော်လမ်းထိပ်မှာ အသင့်တပ်ဆင်ထားတဲ့ ပဒေသာမိုင်း ၃လုံးနဲ့ မိုင်းဆွဲခဲ့တာလို့ သိရပါတယ်။
ကလေးမြို့ပြစီမခံချက်အဖွဲ့က တာဝန်ရှိသူ တဦးက "သူတို့ဘက်က ၃၀ ဝန်းကျင် ကျဆုံးတယ်လို့ သတင်းရတယ်။ ဒဏ်ရာရသူတွေလည်း များတယ်။ ကျနော်တို့ဘက်က ထိခိုက်ကျဆုံးသူ မရှိဘူး"လို့ ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေက မြို့ထဲက စစ်ကူခေါ်ခဲ့သလို ဝေဟင်ကနေလည်း ဂျက်လေယာဉ်က ကင်းလှည့်ခဲ့တယ်လို့ ပြောပါတယ်။
လက်ရှိ ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား စစ်ရေး တင်းမာနေတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီတပ်တွေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ကလေး-ဂန့်ဂေါလမ်းမကြီးကို ယာယီပိတ်ထားမယ်လို့ ကလေး-ပကဖက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဒါကြောင့်မို့ မိဘပြည်သူတွေအနေနဲ့ ပူးပေါင်းလိုက်နာဆောင်ရွက်ပေးကြဖို့နဲ့ ပြဿနာ တစုံတရာ ဖြစ်ခဲ့ပါက တာဝန်ယူနိုင်မှာ မဟုတ်ဘူးလို့လည်း အသိပေးထားပါတယ်။
စစ်ကိုင်းတိုင်းကတော့ မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ ဒေသတခုဖြစ်နေပြီး အကြမ်းဖက်စစ်အုပ်စုက လေကြောင်းက ရော မြေပြင်ကပါ ထိုးစစ်ဆင် ဖိနှိပ်မှုတွေခံနေရကာ အကြမ်းဖက် သတ်ဖြတ်ခံရမှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရမှုတွေနဲ့ပါ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။