(၁)
၁၉၉၂ ခု၊ နွေဦးတည။
အုတ်တွင်းမြို့နယ် စစ်တောင်းမြစ်ဘေး သရက်အုပ်ရွာ။
စစ်တောင်းမြစ်မှာ နွေအခါမို့ သောင်ထွန်းနေသည်။ သရက်အုပ်ရွာဘက်တွင် သောင်ပြင်ကျယ်ကြီးထွန်းနေပြီး မြစ်ကြောင်းမှာ မြစ်အရှေ့ဘက်ကမ်း ကုက္ကိုခွရွာခြေကို ကပ်လျက်စီးနေသည်။
ပိန်းပိတ်အောင်မှောင်နေသည့် သောင်ပြင်ပေါ်တွင် ကျနော်နှင့် ကိုဆန်းလင်းတို့ နှစ်ယောက်တည်း ထိုင်လျက် စကားပြောကြသည်။ ကျနော်တို့နှင့် မလှမ်းမကမ်းတွင် မောင်လှချိုနှင့် ကိုဆန်းလင်း၏ရဲဘော်တဦး တိတ်ဆိတ်စွာ ထိုင်နေသည်။
ရွာခြေသောင်စပ်တွင် ကျနော် တာဝန်ပေးထားသည့် လူငယ်တဦး ရှိနေသည်။ ကျနော်တို့အားလုံး သောင်ပြင်ပေါ်တွင် အချင်းချင်းပင် မမြင်နိုင်လောက်အောင် အမှောင်ထုက လွှမ်းမိုးထား၏။ သောင်ပုရွာမှာ ထူးထူးခြားခြား တိတ်ဆိတ်စွာ အိပ်မောကျနေလေသည်။
ကျနော်က ကိုဆန်းလင်းကို အခြေအနေအားလုံး ရှင်းပြသည်။ အုတ်တွင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၁၉၉၀ ပြည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း အကြောင်း ရှင်းပြရသည်။ ကိုဆန်းလင်းက မရှင်းလင်းသည့်အချက် သိလိုသည့်အချက်များကို မေးသည်။
ပြောဆိုဆွေးနွေးလို့ နိဂုံးချုပ်သည့်အခါ ကိုဆန်းလင်းကို အတင့်မရဲဖို့ သတိနှင့်သွားလာဖို့ သတိပေးရသည်။ ကိုဆန်းလင်းတို့နှစ်ယောက် မြစ်တဖက်ကမ်းသို့ ပြန်ကူးသွားသောအခါ ညသန်းခေါင်ကျော် နှစ်နာရီထိုးပြီဖြစ်သည်။
ကျနော်နှင့် မောင်လှချို၊ မောင်လင်းဦးတို့သုံးဦး သရက်အုပ်ရွာ ကမ်းပါးထိပ်တွင်ရပ်ကာ ရွာရိပ်ရွာခြေကို အကဲခတ်ကြသည်။ သရက်အုပ်ရွာမှာ အမှောင်ထုကြီးထဲ မြုပ်ဝင်တိတ်ဆိတ် ငြိမ်သက်လျက်ပင် ရှိနေလေသည်။ အမှောင်ထုအောက်မှာပင် ကျနော်တို့သုံးယောက် လူစုခွဲလိုက်ကြ၏။
(၂)
ထန်းတပင်မြို့နယ် တောင်ပေါ် တိတ်ပုရွာ။
တဲတလုံးပေါ်တွင် ကျနော်နှင့်အတူ KNLA တပ်ခွဲမှူး ဗိုလ်ကျော့မေနှင့် ကိုဆန်းလင်းတို့ ခေါင်းချင်းဆိုင်ထိုင်ကာ စကားပြောကြ၏။
ကျနော်တို့၏စကားဝိုင်းမှာ စစ်အစိုးရက ဖမ်းဆီးထားသည့် အုတ်တွင်းမြို့နယ် NLD အမတ် ဦးခင်မောင်ဝင်းအကြောင်းက အဓိကဖြစ်၏။ ဦးခင်မောင်ဝင်းသည် ဖမ်းဆီးခံရချိန်က အုတ်တွင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်၏။ ၉၀ ပြည့် ရွေးကောက်ပွဲ အနိုင်ရ အမတ်တဦးလည်း ဖြစ်၏။ ထိုစဥ်က ကျနော်သည် အုတ်တွင်းမြို့နယ် NLD မြို့နယ်အလုပ်အမှုဆောင် ကော်မတီဝင်ဖြစ်သည့်အပြင် ဦးခင်မောင်ဝင်းနှင့် အရင်းနှီးဆုံး နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်တဦး ဖြစ်၏။ ထို့ကြောင့် အဖမ်းခံထားရသည့် ဦးခင်မောင်ဝင်းအား ကယ်တင်ခေါ်ဆောင်ကာ မာနယ်ပလောသို့ ပို့ဆောင်နိုင်ရေးကိစ္စကို ကျနော်ကပင် တိုက်တွန်းဦးဆောင် ဆွေးနွေးခဲ့၏။ ကျနော်တို့၏စကားဝိုင်းမှာ ဦးခင်မောင်ဝင်းအား ကယ်တင်ခေါ်ဆောင်နိုင်ရေး အဓိကထား ဆွေးနွေးကြခြင်းသာ ဖြစ်ခဲ့သည်။ ထိုစဥ်က ဒေါက်တာစိန်ဝင်း ခေါင်းဆောင်သည့် အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့စည်းပြီး စစ်အစိုးရဆန့်ကျင်ရေး စင်ပြိုင်အစိုးရ ထူထောင်ထားကာစအချိန် ဖြစ်သည်။ ဦးခင်မောင်ဝင်းအား ဒေါက်တာစိန်ဝင်းတို့ထံ ကယ်ထုတ်ပို့ဆောင်နိုင်ရေးကိုစ္စကို ကိုဆန်းလင်းက အထူးစိတ်ထက်သန်နေခဲ့၏။ သူ အတတ်နိုင်ဆုံး ကူညီမည်ဟုလည်း ကတိပေး၏။
တောင်ပေါ် တိတ်ပုရွာကလေးသို့ လျှို့ဝှက်စွာ ခေတ္တတက်လာသူ ကျနော့်ကို ကိုဆန်းလင်းက ဗိုလ်ကျော့မေနှင့် မိတ်ဆက်ပေး၏။ ကိုဆန်းလင်းမှာ ထိုအချိန်က KNU တပ်မဟာ ၂ နယ်မြေ တောင်ငူခွင်တွင် ဗိုလ်ကျော့မေနှင့်တွဲကာ ကျောင်းသားတပ်မတော် ၂၁၀ တပ်ရင်း တပ်ရင်းမှူးအဖြစ် လက်နက်ကိုင်တော်လှန်ရေးအလုပ် လုပ်ကိုင်နေသောအချိန် ဖြစ်သည်။
ကျနော်နှင့် ကိုဆန်းလင်းက ရှစ်လေးလုံး အရေးတော်ပုံကာလ ဒီမိုကရေစီရေး လှုပ်ရှားချိန်များက တောင်ငူခွင်တွင် အတူတွဲ၍ အလုပ်လုပ်ခဲ့ကြ၏။ ကျနော်က အုတ်တွင်းမြို့နယ် စစ်တောင်းမြစ်ဘေးကျေးရွာများကို စုစည်း စည်းရုံးပြီး ကိုဆန်းလင်းက တောင်ငူ ရွှေဆံတော်ဘုရား ကုန်းတော်ပေါ်တွင် သပိတ်တပ်ဦးခေါင်းဆောင်တဦး ဖြစ်၏။ စစ်တပ်က အာဏာသိမ်းသည့်ညတွင် ကိုဆန်းလင်းက လက်နက်ကိုင်တော်လှန်ရေး ဆက်လုပ်မည်ဟုဆိုကာ ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ခွာသွားခဲ့၏။ နောင်အခါ ကျောင်းသားတပ်မတော် တပ်ရင်း ၂၁၀ ၏ တပ်ရင်းမှူးအဖြစ် တောင်ငူခွင် ထန်းတပင်မြို့နယ် တောင်ပေါ်စခန်းများသို့ ရောက်လာ၏။ ကျနော်ကမူ အုတ်တွင်းမြို့နယ် အမျိုးသားဒီကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင်အဖြစ် သရက်အုပ်ရွာတွင် ရှိနေခဲ့စဥ် ကိုဆန်းလင်းနှင့် ပြန်လည်ဆက်သွယ်မိကြခြင်း ဖြစ်သည်။
တိတ်ပုရွာဆွေးနွေးပွဲတွင် ကျနော်တို့သုံးဦး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းကို ကယ်ထုတ်ကြရန် သဘောတူ ဆုံးဖြတ်ခဲ့ကြ၏။ အသေးစိတ်လုပ်ငန်းစဥ်များကို ကျနော်နှင့် ကိုဆန်းလင်းက တာဝန်ယူဆောင်ရွက်ရန် သဘောတူခဲ့ကြ၏။
တောင်ပေါ် တိတ်ပုရွာကလေးမှ ပြန်လာသောအခါ ကျနော့်မှာ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းအား ကယ်တင်ခေါ်ဆောင်ကာ ထိုင်း-မြန်မာနယ်စပ် တော်လှန်ရေးဌာနချုပ် မာနယ်ပလောသို့ ပို့ဆောင်နိုင်ရေးလုပ်ငန်းအတွက် အထူးပင် စိတ်လှုပ်ရှားနေခဲ့ရ၏။
(၃)
လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း ကယ်ထုတ်ဖို့ လုပ်ငန်းစဥ်တွင် ကျနော်နှင့် ကိုဆန်းလင်းက နယ်မြေနှစ်ခုပိုင်းပြီး တပိုင်းစီတာဝန်ယူရန် သတ်မှတ်လိုက်ကြ၏။ ကျနော်က ဦးခင်မောင်ဝင်းအား ကယ်ထုတ်ပြီး ထန်းတပင် စစ်တောင်းမြစ်ကမ်းအထိ ခေါ်ဆောင်လာရမည်ဖြစ်ပြီး စစ်တောင်းမြစ်ကမ်းမှတဆင့် ထန်းတပင်မြို့နယ် ကျေးရွာတချို့ကို ဖြတ်ကာ တောင်ပေါ်ရောက်သည်အထိ ကိုဆန်းလင်းက တာဝန်ယူရန် သဘောတူခဲ့ကြပါသည်။
ထိုစဥ်က တောင်ငူထောင်ထဲထည့်ထားသော ဦးခင်မောင်ဝင်းကို အုတ်တွင်းတရားရုံး ထုတ်သည့်အခါ ရဲများက ခရီးသည်တင်ကား တစီးစီးကို ချောဆွဲ၏။ ထိုကားပေါ်တွင် ရဲဒုလုံခြုံရေးတဦးနှင့် အခြားရဲတဦးက လက်ထိပ်ခတ်ထားသော ဦးခင်မောင်ဝင်းကို တင်ကာ ထောင်ငူထောင်ထဲမှတဆင့် အုတ်တွင်းတရားရုံးသို့ ရုံးထုတ်ခေါ်လာလေ့ရှိ၏။ လမ်းမှတား၍စီးသော ခရီးသည်တွေ့လျှင်မူ ကားရပ်ပြီးတင်ရန်ကို ရဲများက ခွင့်ပြုလေ့ရှိ၏။
ကျနော်က ယုံကြည်စိတ်ချရသူ လူငယ်နှစ်ဦးနှင့်အတူ ရုံးထုတ်ပြီးပြန်လာသော ဦးခင်မောင်ဝင်းတို့၏ကားကို လမ်းတနေရာမှတား၍ ခရီးသည်ဟန်ဆောင်ကာ တက်စီးကြမည် ဖြစ်သည်။ နောက်ထပ်တနေရာအရောက်တွင် ကိုဆန်းလင်းနှင့် သူ့ရဲဘော်တဦးက ခရီးသည်ဟန်ဆောင်ကာ ကားတက်စီးမည်။
တောင်ငူအဝင် ခပေါင်းတံတားမရောက်ခင် တနေရာတွင် ကျနော်တို့ငါးယောက်က ရဲများထံမှ သေနတ်လုမည်။ ကားဆရာနေရာတွင် ကိုဆန်းလင်း ဝင်ထိုင်ကာ ကားမောင်းမည်။ ကားဆရာနှင့် ရဲနှစ်ဦးကို ကြိုးတုပ်ကာ မျက်လုံးနှင့်ပါးစပ်များ တင်းကျပ်စွာစည်းမည်။ ခပေါင်းတံတား လမ်းခွဲမှတဆင့် ထန်းတပင်မြို့ မြစ်ကူးတံတားနား ရောက်သည်အထိ ကိုဆန်းလင်းက ကားမောင်းမည်။ တံတားမရောက်ခင် လမ်းဘေးတောအုပ်ထဲ ကားကိုထားခဲ့မည်။ ကားဆရာနှင့် ရဲနှစ်ဦးကို ကားပေါ်တွင် တနေရာစီခွဲ ကြိုးတုပ်ထားခဲ့မည်။ စစ်တောင်းမြစ်ကမ်း အသင့်စောင့်နေသောစက်လှေဖြင့် ထန်းတပင်မြို့ဘက် ကူးမည်။ မိုးမချုပ်ခင် တောင်ခြေ ကင်မွန်းခြုံရွာ အရောက်သွားမည်။ အသင့်စောင့်နေသော ဗိုလ်ကျော့မေ၏ တပ်ဖွဲ့နှင့်အတူ တောင်ပေါ်သို့ တက်ကြမည်ဖြစ်သည်။ ကျနော်နှင့် လူငယ်နှစ်ဦးသည်လည်း လက်နက်ကိုင်တော်လှန်ရေး အပြီးအပိုင်လုပ်ရန် တောင်ပေါ်သို့ အတူလိုက်ပါကြရန် စဥ်းစားထားခဲ့ကြပါသည်။
သည်အစီအစဥ်ကို ကျနော်နှင့် ကိုဆန်းလင်းတို့ တကြိမ်တည်းသာ လေ့ကျင့်ပြင်ဆင်နိုင်သည်။ ဦးခင်မောင်ဝင်း၏ ရုံးထုတ်သည့်နေ့များတွင် သူ့မိသားစုနှင့်အတူ တခြားတွေ့လိုသူများက အုတ်တွင်းတရားရုံးတွင် တစုံတရာ လွတ်လပ်စွာ ဦးခင်မောင်ဝင်းကို တွေ့လို့ရ၏။ စကားပြောလို့ရ၏။ ထို့ကြောင့် ကျနော်နှင့် ကိုဆန်းလင်းတို့ တစုံတရာ ကြိုတင်ပြီး ပြင်ဆင်ပြီးသောအခါ သည်တခါရုံးထုတ်လျှင် ကျနော်တို့၏အစီအစဥ်ကို ဦးခင်မောင်ဝင်းအား ပြောပြမည်။ ဦးခင်မောင်ဝင်းက သဘောတူ လက်ခံပါက နောက်တကြိမ်ရုံးထုတ်လျှင် စီစဥ်ထားသည့်အတိုင်း အကောင်အထည်ဖော်ကြရန် သဘောတူ ဆုံးဖြတ်လိုက်ကြ၏။
(၄)
ကံမကောင်း အကြောင်းမလှသဖြင့် အုတ်တွင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းအား ကယ်တင်ခေါ်ထုတ်ကာ တော်လှန်ရေးဌာချုပ်စခန်း မာနယ်ပလောသို့ပို့ရန် ကျနော်နှင့် ကိုဆန်းလင်းတို့၏ အစီအစဥ်မှာ အထမမြောက်ခဲ့၊ မအောင်မြင်ခဲ့ပါ။
သည်တခါ ရုံးထုတ်သည့်အခါ ရဲက ရုံးထုတ်ရက်မဟုတ်ဘဲ စနေနေ့ကြီး ဦးခင်မောင်ဝင်းကို အုတ်တွင်းသို့ ခေါ်လာကြ၏။ မိသားစုကိုလည်း အကြောင်းကြားခြင်းမရှိပါ။ ယင်းနေ့တွင်ပင် ဦးခင်မောင်ဝင်းအား ထောင်ဆယ်နှစ်အမိန့်ကို တရားသူကြီးက ဖတ်ပြခဲ့ပါသည်။ ထို့နောက် ဦးခင်မောင်ဝင်းအား တောင်ငူထောင်အတွင်း အလျင်အမြန် ပြန်ပို့လိုက်ကြ၏။
ထိုအချိန်မှစပြီး ဦးခင်မောင်ဝင်းအား မိသားစုမှလွဲ၍ မည်သူမျှ တွေ့ခွင့်မရတော့ပါ။
မတရား အဖမ်းခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်တဦးအား ကယ်တင်ခေါ်ဆောင်ကာ ဒေါက်တာစိန်ဝင်းတို့နှင့် တွေ့ဆုံပေးနိုင်ရေး ကျနော်နှင့် ကိုဆန်းလင်းတို့၏ အစီအစဥ်မှာ အကောင်အထည်ဖော်ခွင့် မရခဲ့ကြတော့ပါ။ ။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)
မှတ်ချက်။ ။ ကျောင်းသားတပ်မတော် ၂၁၀ တပ်ရင်းမှူး ကိုဆန်းလင်းမှာ နောင်အခါ မမျှော်လင့်ဘဲ ရန်သူ အဖမ်းခံရပြီး (၁၉၉၄) လျှို့ဝှက်စွာ အသတ်ခံခဲ့ရပါသည်။ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းမှာ အကျဥ်းထောင်အတွင်း ၁၂ နှစ်ကျော်နေခဲ့ရပြီး ပြန်လည်လွတ်မြောက်လာပြီးနောက် ကျန်းမာရေးချို့တဲ့လျက် ကွယ်လွန်ခဲ့ပြီဖြစ်ပါသည်။ (၂၀၁၈)