(၁)
၁၉၈၅ ခုနှစ်လောက်က ဖြစ်သည်။ ကျနော့်မှာ ချစ်ခင်သနားဖွယ် မိတ်ဆွေကဗျာဆရာတဦး ရှိခဲ့ဖူးသည်။ သူ့ကလောင်အမည်က “ရွက်ဝါ” ဟု ကျနော်မှတ်မိနေ၏။
ထိုစဥ်က ကျနော်က ဖြူးမြို့အနီး ညောင်ပင်သာရွာ လယ်ယာစိုက်ပျိုးရေးသမဝါယမအသင်းက ဖွင့်လှစ်ထားသည့် ကိုယ်ထူကိုယ်ထမူလတန်းကျောင်းတွင် ကျောင်းဆရာ ဝင်လုပ်နေစဥ်က ဖြစ်သည်။ ကျနော်၏မိတ်ဆွေ ကဗျာဆရာ “ရွက်ဝါ” က ကျနော် နေထိုင်ရာနေရာနှင့် နာရီဝက်ခန့် လမ်းလျှောက်သွားလျှင် ရောက်သည့် စစ်တပ် ခမရ ၁၂၉ (အတိအကျတော့ မမှတ်မိပါ) တွင် နေထိုင်သည့် စစ်သားကဗျာဆရာ ဖြစ်၏။
ထိုစဥ်က ကျနော်တို့နယ်တွင် ကဗျာဆရာ ရှား၏။ ထို့ကြောင့် ယုံကြည်ချက်ချင်း မတူသည့်တိုင် ကဗျာချစ်သူဖြစ်သည်ဟူသော အသိစိတ်နှင့်ပင် ကဗျာရေးသူ မည်သူ့ကိုမဆို ခင်မင်ခဲ့၏။ ထို့ပြင် ကဗျာဆရာ ရွက်ဝါက ရိုးသားဖြူစင်၏။ သူ့မှာ ကဗျာကိုချစ်သည်မှလွဲ၍ တခြား ဘာမျှမသိ။ ဘာကိုမှလည်း ထိထိရောက်ရောက် မလေ့လာ။ ကဗျာရေးနေရလျှင် ကျေနပ်ပြီး သူရေးသမျှကဗျာကို တပါးသူအား ပေးဖတ်နေရလျှင် ပျော်ရွှင်နေသူသာဖြစ်၏။ ကျနော်နှင့် အသိမိတ်ဆွေ စတင်ဖြစ်စဥ်က သူသည် ငွေတာရီ၊ မြဝတီ၊ စစ်ပြန်၊ သပြေ မဂ္ဂဇင်းများတွင် အဖွင့်ကဗျာများ လစဥ်ရေးသားနေသူဖြစ်၏။ သူပြောပြလို့ သိရသည်မှာ ကဗျာစုစုပေါင်း ၂၀၀ မျှ ယင်းမဂ္ဂဇင်းများတွင် ဖော်ပြခံထားရပြီးသူ ဖြစ်၏။
ပြီးတော့ သူက အောက်မေးရိုး သေနတ်ထိမှန်ခံထားရသဖြင့် စတီးမေးရိုး အစားထိုးထားရပြီး ဆေးပင်စင်တင်ထားသူ ဖြစ်သည်။ တခါတရံ သူနေထိုင်ရာ စစ်တပ်တန်းလျားသို့ ကျနော် သွားလည်လျှင် သူနှင့် သူ့ဇနီးမှာ တပ်ဝင်းနောက်ဖေး တောစပ်တွင် ထင်းခုတ်သွားနေသည်နှင့် ခဏခဏကြုံ၏။ သူနေထိုင်သည့် ဘားတိုက်တန်းလျား ထရံများမှာ အပေါက်အပြဲများ ဖြစ်လျက်ရှိ၏။ သူသည် သူ့ဘဝကိုသူ ပြန်မကြည့်အား။ လစဥ် ကဗျာများ ပို့နိုင်ရေးနှင့် ကဗျာရေးနိုင်ရေးကိုသာ အာရုံထားသူဖြစ်၏။ ထူးဆန်းသည်မှာ သူသည် အခြားကဗျာများကို ဖတ်လေ့ဖတ်ထမရှိ။ သူ့ကဗျာနှင့် သူနှင့်အပြိုင် သူပါနေကြမဂ္ဂဇင်းတွင် ပါရှိသည့် ကဗျာဆရာတစု၏ ကဗျာများကိုသာ တခုတ်တရဖတ်၏။ ပြီးတော့ သူ့လို လေးလုံးစပ်ကဗျာ ရေးသူများကိုသာ သူသိ၏။
သူက လဆန်းရက်များတွင် ဖြူးက စာအုပ်ဆိုင်များသို့ လစဥ်သွား၏။ မြဝတီ၊ ငွေတာရီ၊ စစ်ပြန်၊ သပြေမဂ္ဂဇင်းများတွင် သူ့ကဗျာ ပါမပါ ကြည့်သည်။ ပါလျှင် ထိုမဂ္ဂဇင်းကိုဝယ်၏။ အနီးဆုံး လက်ဘက်ရည်ဆိုင်သို့ သွား၏။ တွေ့သမျှ အသိအကျွမ်းများကို သူ့ကဗျာကိုပြ၏။ တခါတရံ လက်ဘက်ရည်ပင် တိုက်လိုက်သေး၏။
သူ့ကဗျာများ မဂ္ဂဇင်းတိုက်သို့ ပို့ပုံမှာလည်း စိတ်ဝင်စားဖို့ အတော်ကောင်း၏။ သူက ဆယ့်နှစ်လအတွက် သက်ဆိုင်ရာလအလိုက် ကဗျာများ တနှစ်စာ အဆင်သင့် ရေးထားလေ့ရှိသည်။ ထို့ပြင် တနှစ်အတွင်း နေ့ထူးနေ့ရက်များအတွက်လည်း တနှစ်စာ ကြိုတင်ရေးထား၏။ သက်ဆိုင်ရာလ မရောက်ခင် ထိုကဗျာများကို ကြိုပို့ထား၏။ ဥပမာ မေလအတွက် အလုပ်သမားနေ့ကဗျာ မေလဆိုင်ရာ ရာသီဘွဲ့ကဗျာကို မေလမတိုင်ခင် ကတည်းက မဂ္ဂဇင်းတိုက်တွေကို ကြိုပို့ထား၏။
ပိုပြီး စိတ်ဝင်စားဖို့ကောင်းသည်မှာ အပယ်ခံရသည့် ကဗျာများကို နောက်လတွင် အနည်းငယ် ပြုပြင်ပြန်ရေးပြီး တခြားမဂ္ဂဇင်းတိုက်သို့ ပြောင်းပို့လေ့ရှိ၏။ ထိုမဂ္ဂဇင်းများကလည်း သုံး၏။
သူသည် ကျနော်နှင့် စတင်သိကျွမ်းစဥ်က သူ့လိုကဗျာဆရာများ ကျင်လည်ကျက်စားရာ မဂ္ဂဇင်းများဖြစ်သည့် မြဝတီ၊ ငွေတာရီ၊ စစ်ပြန်နှင့် သပြေလိုမဂ္ဂဇင်းများတွင် လစဥ် အဖွင့်ကဗျာအဖြစ် ဖော်ပြခံရသော သူ့အသိုင်းအဝိုင်းအတွင်း အထင်ကရ ကဗျာဆရာ ဖြစ်နေပြီဖြစ်သည်။
(၂)
တနေ့တွင် ကျနော့်ကို သူ့ဆန္ဒတခု ထုတ်ပြောလာခဲ့သည်။ သူသည် ကဗျာစာအုပ်ထုတ်မည်ဟု ပြောလာခဲ့၏။ သူ့တွင် ဆေးပင်စင်ထုတ်လို့ ပင်စင်ရောင်းထားသည့်ပိုက်ဆံ ရှိသည်။ ထိုပိုက်ဆံဖြင့် ကဗျာစာအုပ်ထုတ်မည်ဖြစ်သည်။ သူ့ရည်ရွယ်ချက်မှာ အမျိုးသားစာပေဆု(ကဗျာ) အတွက် ရည်ရွယ်ခြင်းသာဖြစ်သည်။ ရောင်းရ မရောင်းရသည်မှာ အရေးမကြီး၊ ကဗျာစာအုပ် ထုတ်နိုင်ရေးသာ အရေးကြီးသည်။
ပထမတော့ ကျနော်က တားမြစ်မည်ဟု တွေးသည်။ သူသည် အင်မတန်ဆင်းရဲသည့် သာမန် ရိုးရိုးစစ်သား ဖြစ်သည်။ သည်ကြားထဲ သေနတ်ထိမှန်ထားသည့် ဒုက္ခိတတဦးလည်း ဖြစ်သည်။ ထို့ကြောင့် ပင်စင်ရောင်းလို့ရသည့်ပိုက်ဆံကို အရင်းအနှီးတခုခုပြု၍ စီးပွားရေး လုပ်စေချင်သည်။ နေစရာအိမ်မရှိသဖြင့် အိမ်လေးတလုံး ဝယ်စေချင်သည်။ ထိုအတွေးဖြင့်ပင် သူ့ကို ကဗျာစာအုပ်မထုတ်ဖို့ တားမြစ်မည်ဟု စဥ်းစားသည်။ သို့သော် သူက ကဗျာစာအုပ် ထုတ်ဖို့ကိုသာ ဆုံးဖြတ်သည်။ ကျနော်တားမြစ်တော့မည်ကို သိသဖြင့် သူ့ဆုံးဖြတ်ချက်ကိုသာ အလျှင်အမြန် တဖွဖွပြောတော့သည်။
အမျိုးသားစာပေဆုရလျှင် ပင်စင်ရောင်းထားသည့်ပိုက်ဆံ ပြန်ရလာမည်။ စာပေနယ်ပယ်တွင် လမ်းပေါက်သွားကာ စာပေထုတ်ဝေရေးဖြင့်ပင် စီးပွားရေးလုပ်လို့ရမည်။ သူက ယင်းကဲ့သို့ပင် တွေး၏။
သူက ကျနော့်ကို သူ့ဆုံးဖြတ်ချက်ပြောပြရင်း မေးခွန်းတခုမေး၏။ သူသည် အမျိုးသားစာပေဆု မရနိုင်ဘူး ထင်ပါသလားဟု မေး၏။ ထိုအခါ ကျနော့်မှာ အဖြေရခက်ရပြန်သည်။
သူသည် သူ့စာပေအသိုင်းအဝိုင်းအတွင်း ထိပ်ဆုံးတန်းကရပ်သည့် ကဗျာဆရာဖြစ်သည်။ သူ့ကဗျာများမှာ သူကျင်လည်ရာ မဂ္ဂဇင်းများတွင် ယှဥ်နိုင်သူရှား၏။ ယှဥ်နိုင်သူ နှစ်ယောက် သုံးယောက်မှာလည်း အမျိုးသားစာပေဆု ရပြီးသူများ ဖြစ်နေသည်။ ထို့ပြင် အမျိုးသားစာပေဆုရ ကဗျာများမှာ အခြားနယ်ပယ်မှ ကဗျာအမျိုးအစားကဗျာများကို ပေးလေ့ပေးထ လုံးဝမရှိ။ ထို့ကြောင့် သည်နှစ်အဖို့ အမျိုးသားစာပေဆု(ကဗျာ)ကို သူသာလျှင် ရဖို့သေချာသည်ဟု ပြော၏။ သူပြောပြသည့် အကြောင်းပြချက်ကို ခင်ဗျား ငြင်းနိုင်သလားဟု ကျနော့်ကိုမေးသောအခါ ကျနော့်မှာ ယတိပြတ်မငြင်းနိုင်။ သူပြောသည့် အကြောင်းပြချက်ကလည်း မှန်သင့်သလောက် မှန်နေပြန်သည်။ ထို့ကြောင့် ကဗျာစာအုပ် ထုတ်ဝေမည့် သူ့ဆုံးဖြတ်ချက်ကို ကျနော့်မှာ မတားမြစ်နိုင်တော့ပါ။
နောက်တလခန့်ရှိသောအခါ ကဗျာဆရာ ရွက်ဝါ၏ ကဗျာစာအုပ် ထွက်လာခဲ့ပါသည်။
(၃)
နှစ်ကုန်လို့ နောက်နှစ်အစတွင် အမျိုးသားစာပေဆုများ ကြေညာလာခဲ့၏။
ထိုနှစ်က ကျနော့်အသိ ဒဏ်ရာရစစ်သားကဗျာဆရာ ရွက်ဝါ၏ ကဗျာစာအုပ် အမျိုးသားစာပေဆု(ကဗျာ) မရရှိပါ။ ထိုနှစ်က အမျိုးသားစာပေဆု(ကဗျာ)ကို ကဗျာဆရာ မြင်းမူမောင်နိုင်မိုး ရသွား၏။ မြင်းမူမောင်နိုင်မိုးမှာ ထိုစဥ်က စစ်တပ်မှ ဗိုလ်ကြီးတဦး ဖြစ်လေသည်။
သည့်နောက်ပိုင်း ကျနော့်မိတ်ဆွေ စစ်သားကဗျာဆရာ ရွက်ဝါကို ကျနော် မတွေ့တော့ပါ။ သူသည် တပ်မှထွက်ပြီးနောက် အညာဘက်သို့ ပြောင်းရွှေ့သွားသည်ဟူ၍သာ ကျနော် သိခဲ့ရ၏။
ယခု နှစ်ပေါင်းများစွာကြာခဲ့ပြီ။ သူနှင့်ကျနော် တကြိမ်မျှပင် ပြန်မဆုံဖြစ်တော့။ သို့သော် ဘာ့ကြောင့်ရယ်မသိ အမျိုးသားစာပေဆုများ ကြေညာသည့်အချိန်များတွင်မူ ကဗျာဆရာ “ရွက်ဝါ” ကို အစဥ်အမြဲ သတိရနေတတ်သည်ကတော့ အမှန်ပင်ဖြစ်ပါသည်။ ။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)