အာဏာရှင်စနစ်သည် နိုင်ငံရေးအာဏာကို အတင်းအဓမ္မရယူပြီး ကိုယ်ကျိုးစီးပွား တည်ဆောက်သည့် စနစ်ဖြစ်သည်။ အာဏာရယူရေးအတွက် ဘာလုပ်လုပ်မှန်သည်ဟူသော ခံယူချက်ကို စွဲကိုင်ထားသော စနစ် ဖြစ်သည်။ ထိုကြောင့် သက်ဦးဆံပိုင်အာဏာရှင်ဖြစ်သော ရှင်ဘုရင်ကို ပြန် ပြောသည့်အခါ “မှန်လှပါ” ဆိုသောစကားကို အမြဲထည့်ပြောရသည်။ ရှင်ဘုရင်လုပ်သမျှ အမှားမရှိ ( The King can do no wrong) ဆိုသော ဆိုရိုးပင် ရှိခဲ့သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က “ဘာမဆိုလုပ်ရဲတယ်” ဟု ပြောခြင်းမှာ အာဏာရှင်ကို အတုယူပြောဆိုခြင်းသာဖြစ်သည်။ အာဏာရှင်စနစ်သည် အဓမ္မကို ကိုင်စွဲသောစနစ်ဟု တထစ်ချပြောရမည်။
ဗုဒ္ဓဘာသာတွင် အဓမ္မဝါဒကို ကိုင်စွဲသောအာဏာရှင်စနစ်အတွက် နေရာမရှိပါ။ ဗုဒ္ဓဘာသာ၏ အနှစ်သာရကို ပြောပါဆိုလျှင် သမ္မာတရားလမ်းစဉ်ဟုသာ ပြောရပါမည်။ လူ့လောက၏ငြိမ်းချမ်း ရေးကို ရည်မှန်းပြီး လူအချင်းချင်းတရားမျှတစွာဆက်ဆံသည့်လမ်းစဉ်ဖြစ်သည့်အတွက် ဗုဒ္ဓဘာသာကို အခြားဘာသာရေးများနှင့် လုံးဝခြားနားစေသောလမ်းစဉ်ဖြစ်သည်။ သမ္မာတရား လမ်းစဉ်သည် ဗုဒ္ဓဘာသာ၌သာ ရှိသောလမ်းစဉ်ဖြစ်သည်။ ဗုဒ္ဓဘာသာ၏ တခုတည်းသော ရည်မှန်း ချက်မှာ လူနှင့်လူ့အဖွဲ့အစည်း၏ လွတ်လပ်ငြိမ်းချမ်းရေးဖြစ်သည်။ ထိုကြောင့် ဗုဒ္ဓဘာသာနှင့် အာဏာရှင်စနစ်သည် လုံးဝခြားနားဆန့်ကျင်သော လမ်းစဉ်နှစ်ခု ဖြစ်ပါသည်။
သို့ဆိုလျှင် အဝါရောင်သင်္ကန်းဝတ်ဆင်ထားသော သံဃာများသည် အဘယ်ကြောင့် အာဏာရှင်တို့နှင့် ပူးပေါင်းနေရသနည်း။ အာဏာရှင်တို့ပေးသော အထောက်အပံ့များကို မြိန်ရည်ယှက်ရည် ရယူနေသော သံဃာများ၊ အာဏာရှင်တို့ ဆက်ကပ်သောဘွဲ့ထူးဂုဏ်ထူးများကို လှိုက်လှိုက်လှဲလှဲ လက်ခံနေကြသော သံဃာများ၊ အာဏာစက်ဖြင့် သာသနာပြုမည်ဆိုကာ အာဏာရပ်ဝန်းထဲသို့ ဝင်ရောက်ပြီး ပြည်သူ့အခွန်ကို စားသုံးနေကြသောသံဃာများ၊ အာဏာရှင်ကို သာသနာပြုမင်းကောင်းမင်းမြတ်ဟု ဂုဏ်တင်ပေးနေသော ထိုထိုသံဃာများသည် အဘယ်သို့သော သံဃာများနည်း။
ဗုဒ္ဓဘုရားအသက်ထင်ရှားရှိစဉ်က ဗုဒ္ဓနှင့် ဗုဒ္ဓသံဃာတို့သည် အာဏာရှင်များနှင့် ပူးပေါင်းခဲ့ခြင်း မရှိကြပါ။ အာဏာရှင်ကို တရားဟောခြင်းများရှိခဲ့သော်လည်း အာဏာရှင်၏ အစောင့်အရှောက်အကူအညီကို ယူကာ “ ငါတို့တရားပဲ မှန်တယ် ကျန်တဲ့တရားမှားတယ် ငါတို့တရားကလွဲပြီး တခြားတရား မယူရဘူး ယူရင် အပြစ်ပေးမယ်”ဟူသော “အာဏာရှင်လုပ်ရပ်မျိုး” မရှိခဲ့ပါ။ “အမျိုးဘာသာသာသနာ”ဟူသော အာဏာရှင်တို့၏ နိုင်ငံရေးကြွေးကြော်သံကို အားပေးအားမြှောက်လုပ်ပြီး မင်းဆရာလုပ်ခြင်းမျိုး၊ မင်းစိုးကပ်မြှောင်လုပ်ခြင်းမျိုး မရှိခဲ့ပါ။ အာဏာရှင်၏ အထောက်အပံ့ကိုယူပြီး အာဏာရှင်များကို သာသနာပြုမင်းကောင်းမင်းမြတ်ဟု ဂုဏ်တင်ပေးခြင်းမျိုးလည်း မရှိခဲ့ပါ။
သက်ဦးဆံပိုင်ဘုရင်စနစ်သည် ပြည်သူလူထုကို ကျွန်ပြုပြီး လူ့အဖွဲ့အစည်းကို အပိုင်စီးကာ ကိုယ်ကျိုး စီးပွားရယူသည့် စနစ်ဖြစ်သည်။ ထိုကြောင့် ဗုဒ္ဓ၏သမ္မာတရားနှင့် လုံးဝဆန့်ကျင်ခြားနားပါသည်။ ဗုဒ္ဓ ကိုယ်တိုင်က ရှင်ဘုရား၏ သားဖြစ်ခဲ့သော်လည်း အာဏာရပ်ဝန်းကို စွန့်ခွါခဲ့သူ ဖြစ်သည်။ ( အာဏာ ရှင် စနစ်ကဲ့သို့) စည်းစိမ်ချမ်းသာခံစားရေးလမ်းစဉ်ကို ရိုင်းစိုင်းယုတ်ညံ့သောလမ်းဆိုးကြီး (ကာမသုခလ္လိကာ အနုယောဂလမ်း) ဖြစ်ကြောင်း၊ လူနှင့်လူ့လောကကို ပျက်စီးစေကြောင်း ဘဝတလျှောက်လုံး ဟောကြားခဲ့သည်။
သို့သော် ဗုဒ္ဓအသက်ထင်ရှားရှိစဉ်မှာပင် အာဏာရှင်ကို ပူးပေါင်း၍ သံဃာ့ရာဇာဖြစ်အောင်ကြိုးပမ်းသော သံဃအဖွဲ့ဝင်တဦး ပေါ်ပေါက်ခဲ့ပါသည်။ သူကား ဒေဝဒတ်ဖြစ်သည်။
ဒေဝဒတ်သည် ဗုဒ္ဓ၏ သံဃာ့အဖွဲ့တွင် ဝင်ရောက်နေသော်လည်း သမ္မာတရားကို စိတ်ဝင်စားသူ မဟုတ်။ လူနှင့် လူ့အဖွဲ့အစည်း၏ လွတ်လပ်ငြိမ်းချမ်းရေးကို စိတ်ဝင်စားသူမဟုတ်။ သူ စိတ်ဝင်စားသည်က တန်ခိုးအာဏာနှင့် အောင်မြင်ကျော်ကြားမှု။ သူ့ရည်မှန်းချက်က အာဏာရှင်၏ ကိုးကွယ်ရာ မင်းဆရာဖြစ်ရေးနှင့် သံဃာတို့ ဦးညွတ်ရာ သံဃာ့ရာဇာဖြစ်ရေး။
ဒေဝဒတ်သည် သူကျွမ်းကျင်သော တန်ခိုး (စိတ်စွမ်းအင်) အတတ်ဖြင့် အာဏာရူး အဇာတသတ်ကို တပည့်ဖြစ်အောင် စည်းရုံးလိုက်သည်။ အဇာတသတ်ရှင်ဘုရင်ဖြစ်လျှင် သူလည်း မင်းဆရာဖြစ်မည်။ အဇာတသတ်ကလည်း ဒေဝဒတ်ကို ကိုးကွယ်သည်။ တန်ခိုးရှိသောဒေဝဒတ်က သူ အာဏာရရေးအတွက် ကူညီနိုင်မည်ဟု သူထင်သည်။ အဇာတသတ်သည် ဒေဝဒတ်၏လမ်းညွှန်မှုဖြင့် ဖခင်ကို သတ်ပြီး ရှင်ဘုရင် ဖြစ်လာသည်။
ဒေဝဒတ်နှင့် အဇာတသတ်တို့ ပေါင်းမိခြင်းမှာ ရည်မှန်းချက်ခြင်း တူသောကြောင့် ဖြစ်သည်။ အကျင့် အကြံချင်း တူသောကြောင့်ဖြစ်သည်။ ဒေဝဒတ်က စည်းစိမ်ချမ်းသာကို မက်သလို အဇာတသတ်ကလည်း မက်သည်။ အဇာတသတ်က အာဏာကိုမက်သလို ဒေဝဒတ်ကလည်း မက်သည်။ ဒေဝဒတ်က တန်ခိုးကို ပဓာနထားသလို အဇာတသတ်က အာဏာကို ဦးထိပ်တင်သည်။ ဆရာတပည့်နှစ်ယောက်သည် စည်းစိမ် ချမ်းသာ တန်ခိုးအာဏာ ရရှိခံစားရေး ဟူသည့် အစွန်းလမ်းကြီးနောက်ကို လက်တွဲ၍ လျှောက်ခဲ့ကြလေသည်။
အာဏာရှင်နှင့် ပေါင်းမိသွားသော ဒေဝဒတ်သည် ဗုဒ္ဓ၏သမ္မာတရားနှင့် ဆန့်ကျင်သော အဟောအပြောများကို လုပ်နေခဲ့သည်။ သံဃာ့စည်းလုံးမှုကိုပျက်ပြားစေသည့် အကျင့်များကို ကျင့်နေခဲ့သည်။ သံဃာတချို့ကို စည်းရုံးခေါ်ယူပြီး ဂိုဏ်းခွဲထွက်ခဲ့သည်။ ထိုကြောင့် ဗုဒ္ဓက ဒေဝဒတ်သည် သူနှင့် တရားချင်း ဝိနည်းချင်းမတူတော့ကြောင်း လူအများသိအောင် ( ပကာသနိယကံ) ကို လုပ်ဆောင်ရတော့သည်။ ဗုဒ္ဓအသက်ထင်ရှားရှိစဉ်ကပင် ဗုဒ္ဓသံဃာနှင့် ဒေဝဒတ်သံဃာဟူ၍ ကွဲပြားသွားခဲ့သည်။ သို့သော် သံဃာချင်းမှာ အသွင်အပြင် အဝတ် အဆင်ကတော့ အတူတူပင် ဖြစ်ခဲ့သည်။
ဒေဝဒတ်၏ ဘဝနိဂုံးနှင့်ပတ်သက်၍ မြေမြိုခံရသည်ဟူသော ပုံပြင်ဆန်ဆန်ဇာတ် လမ်းများကို ပြောဆိုကြသော်လည်း ဒေဝဒတ်နောက်လိုက်သံဃာများသည် ဗုဒ္ဓဘုရား၏ ဇာတိဒေသဖြစ်သော ကပိလဝတ်မြို့တွင် နှစ်ပေါင်းများစွာကြာအောင် တည်ရှိနေခဲ့ကြောင်း တရုတ်ရဟန်း ဖာဟီယန် ( Fahian )က သူ၏ မှတ်တမ်းတွင် ရေးသားခဲ့ပါသည်။
ဖာဟီယန်သည် ခရစ်နှစ် ၃၃၇ တွင် မွေးဖွားခဲ့၍ ဗုဒ္ဓဘာသာပေါ်ပေါက်ထွန်းကားခဲ့သော အိန္ဒိယ မြောက်ပိုင်းဒေသသို့သွားရောက်ကာ ဆယ်နှစ်ကြာအောင်လှည့်လည်နေထိုင်ခဲ့သည်။ သူရောက်ရှိခဲ့သော ကပိလဝတ်မြို့သည် လူသူကင်းဆိတ်နေကြောင်း၊ ဒေဝဒတ်သံဃာတချို့ကိုလည်းတွေ့ရကြောင်း သူ့မှတ်တမ်းတွင် ရေးထားပါသည်။ ဒေဝဒတ်သံဃာတို့သည် ဗုဒ္ဓဘုရားကို မကိုးကွယ်ဘဲ ( နှစ်ကျိပ်ရှစ်ဆူ ဘုရားများတွင် ပါဝင်သော) ကောက္ကုသံဘုရား၊ ဂေါဏဂုံဘုရား၊ ကဿပဘုရား တို့ကို ကိုးကွယ်သည်ဟုလည်း မှတ်တမ်းတွင် ရေးထားသည်။ (နှစ်ကျိပ်ရှစ်ဆူဘုရားများကို ကိုးကွယ်ခြင်းသည် ဗုဒ္ဓဘုရားကို မှေးမှိန်အောင် လုပ်သောစရိုက်ဟု စာရေးသူက ယူဆပါသည်။ လူတယောက်ကို နှိမ်လိုသည့်အခါတွင် မင်းလိုလူစား အများကြီးဟေ့ဟု ပြောသလိုမျိုးဖြစ်သည်။ မှတ်တမ်းတင်သမိုင်းတွင် ဗုဒ္ဓဘုရားထက် စောပြီး သမ္မာတရား လမ်းစဉ်ကို ဟောညွှန်ခဲ့သူမရှိပါ။)
နှစ်ပေါင်းများစွာကြာသည်အထိ ဒေဝဒတ်သံဃာများ တည်ရှိနေခဲ့ခြင်းအားဖြင့် ဒေဝဒတ်၏ အကျင့်အကြံ အဟောအပြောသည် ဗုဒ္ဓဘုရား၏ သမ္မာတရားလမ်းစဉ်နှင့် ဆန့်ကျင်သော်လည်း ကြိုက်နှစ်သက်သူများစွာ ရှိနေခဲ့သည်ဟု ကောက်ချက်ချရပေမည်။ ဒေဝဒတ်၏ အကျင့်အကြံတွင် အသိပညာမဲ့သည့်လူအများ(ပုထုဇဉ်) ကြိုက်နှစ်သက်စရာပါဝင်နေသောကြောင့် ဖြစ်ပါသည်။
ဒေဝဒတ်သည် တန်ခိုးရအောင် အားထုတ်ပြီး ယင်းတန်ခိုးဖြင့် အာဏာရူးအဇာတသတ်ကို ဖမ်းစားခဲ့ သည်ဟု ဆိုသည်။ ယင်းတန်ခိုးဖြင့်ပင် အသိပညာမဲ့သော ပုထုဇဉ်ရဟန်းများကို ဆွဲဆောင်ခဲ့ခြင်းဖြစ်သည်။ တန်ခိုးက စည်းစိမ်ချမ်းသာအာဏာရာထူးကို ထောက်ပံ့ကူညီပေးနိုင်သောအရာဖြစ်သောကြောင့် အာဏာရှင်စနစ်၏ ဘက်တော်သားများအတွက် ဒေဝဒတ်လို ပုဂ္ဂိုလ်မျိုးသည် ကိုးကွယ်ရာဘုရားဖြစ်နေတော့သည်။
မျက်မှောက်ခေတ်မြန်မာနိုင်ငံတွင်လည်း တန်ခိုးရှိသည်ဆိုသော ဝိဇ္ဇာအမည်ခံ ဘိုးတော်မယ်တော်တို့ အနီးတွင် လူအများဝိုင်းဝိုင်းလည်နေသည်ကို ကြည့်ပါက ဒေဝဒတ်နှင့် သူ့သံဃာတို့ကိုလည်း လူကြိုက်နည်းမည်မဟုတ်ဟု မှန်းဆနိုင်ပါသည်။ ဗိုလ်ချုပ်နေဝင်းမှစ၍ ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ်ခင်ညွန့်၊ ဗိုလ်ချုပ်မင်းအောင်လှိုင်အထိ ဘိုးတော်မယ်တော်များ၏အစီအရင်အတိုင်း လိုက်နာနေသည်မှာ လူတိုင်းအသိ ဖြစ်ပါသည်။ ယင်းဘိုးတော်များသည် အဝါရောင်သင်္ကန်းကို ဝတ်ပြီး သံဃာ့အသွင်ဆောင်နေခဲ့သည်မှာလည်း ရှေးရှင်ဘုရင်ခေတ်မှ မျက်မှောက်ကာလအထိ ဖြစ်သည်။ (ယခုခေတ်ဝိဇ္ဇာဘုန်းကြီးများသည် ဗုဒ္ဓ၏သမ္မာ တရားကို လျစ်လျူရှုပြီး နောင်ပွင့်မည်ဆိုသောဘုရားများကို မျှော်နေသည့်လုပ်ရပ်မှာ ဒေဝဒတ်သံဃာများက ဗုဒ္ဓဘုရားကို လျစ်လျူရှုပြီး ရှေးကပေါ်ခဲ့သည်ဆိုသော ဘုရားများကိုသာ ကိုးကွယ်ခြင်းနှင့် အတူတူဖြစ်သည်။)
မြန်မာနိုင်ငံသားအများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်သည်။ ထိုကြောင့် သံဃာအပေါ်တွင် ယုံကြည် လေးစားကြသည်။ သို့သော် မိမိယုံကြည်လေးစားသော သံဃာတို့သည် ဗုဒ္ဓသံဃာလား ဒေဝဒတ်သံဃာလား ဆိုသည်ကိုတော့ စိစစ်လေ့မရှိကြ။ အဝါရောင်သင်ကန်း ဝတ်သူမှန်သမျှကို ဗုဒ္ဓသံဃာဟုပင် ထင်မှတ်ပြီး ကိုးကွယ်နေကြသည်။ အာဏာရူးအဇာတသတ်ကို ဖခင်အားသတ်ပြီး အာဏာလုယူရန် အကြံပေးခဲ့သည့် သင်္ကန်းဝတ်ဒေဝဒတ်ကို မေ့နေကြသည်။ ဆဒ္ဒန်ဆင်မင်းကို သင်္ကန်းပြပြီး အစွယ်ဖြတ်ခဲ့သော သောနုတ္ထိုရ်မုဆိုးကို မေ့နေကြသည်။
အာဏာရှင်နှင့် မင်းဆရာဆိုသူများနောက်သို့ မသိနိုးနားလိုက်မိမှားနေသော သံဃာများအနေနှင့် ဒေဝဒတ်နှင့် ပတ်သက်သော ဗုဒ္ဓ၏အဆုံးအမကို အောက်မေ့ဆင်ခြင်ကြပါမှ ဗုဒ္ဓသံဃာအဖြစ်သို့ ပြန်လည်ရောက်ရှိပါလိမ့်မည်။ ဒေဝဒတ်က အဇာတသတ်ကို တပည့်မွေးလိုက်နိုင်သည့်နောက်တွင် အဇာတသတ်က ဒေဝဒတ်ကို ဆရာအဖြစ်ကိုးကွယ်ကာ နေ့စဉ်ဆွမ်းအုပ်ငါးရာ ဆက်ကပ်သည်။ ဆွမ်းအုပ်ငါးရာဖြင့် မာန်တက်သွားသော ဒေဝဒတ်က ဗုဒ္ဓထံသို့ သွား၍ သံဃာကို အပ်ရန် တောင်းဆိုခဲ့သည်။ ထိုအခါ “တံတွေးနှင့်တူသော ပစ္စည်းများကို စားသုံးသည့် သင်လို လူယုတ်မာအား သံဃာကို အပ်ဖို့ဆိုသည်မှာ ဝေးလွန်းလှသည်”ဟု ဗုဒ္ဓက ပြန်ပြောခဲ့ပါသည်။ အာဏာရူး၏ ဆွမ်းသည် တံထွေးကဲ့သို့ စက်ဆုပ်ရွံရှာ စရာကောင်းလှကြောင်းနှင့် ယင်းဆွမ်းကိုစားသူသည် လူယုတ်မာဖြစ်ကြောင်း တန်ဖိုးဖြတ်ပြလိုက်ခြင်းဖြစ်သည်။(ဝိနယပိဋကတ်လာ စူဠဝဂ် ဒုတိယအခန်း - ပကာသနီယကံ ကို ရှာဖွေဖတ်ရှုကြပါကုန်)
ဖခင်ကို အသေသတ်ပြီးအာဏာလုရန် အဇာတသတ်အား ဒေဝဒတ်က အကြံပေးခဲ့သကဲ့သို့ အာဏာ လုယူသော စစ်ခေါင်းဆောင်၏ ကိုးကွယ်မှုကို ရရှိသော သင်္ကန်းဝတ်ကလည်း ခေတ်ကိုပြောင်းဖို့ ခေါင်းကိုပစ်ဆိုသည့် အစီအရင်ကို ပေးခဲ့ပါသည်။ သို့ဖြင့် ငြိမ်းချမ်းစွာဆန္ဒပြနေသော မိန်းကလေးများ၏ဦးခေါင်းကိုပစ်ခတ်သည်အထိ မိုက်ကန်းလာကြသည်။ ယင်းအစီအရင်ကိုပေးသော သင်္ကန်းဝတ်သည် ဒေဝဒတ် သံဃာဖြစ်ပါသည်။
အာဏာလုထားသော စစ်ခေါင်းဆောင်များနှင့် ပူးပေါင်းနေသူတို့သည် သူတို့ကိုယ်သူတို့ သံဃာများဟု ခေါ်ဆိုနေကြသော်လည်း စည်းစိမ်ချမ်းသာ တန်ခိုးအာဏာရရှိရေးကိုသာ ဦးထိပ်ထားသူများဖြစ်သောကြောင့် ဒေဝဒတ်သံဃာဟုသာ သတ်မှတ်ရပေလိမ့်မည်။ တရားမျှတမှုဖြင့် လွတ်လပ်ငြိမ်းချမ်းသောနိုင်ငံတော်သစ်ကို တည်ဆောက်ရန် နွေဦးတော်လှန်ရေးကို ဆင်နွှဲနေကြသည့် မြန်မာနိုင်ငံသားတို့အနေနှင့် အာဏာရှင်ကို လက်တွဲနေသော သင်္ကန်းဝတ်များသည် ဗုဒ္ဓသံဃာမဟုတ်ဘဲ ဒေဝဒတ်သံဃာများသာဖြစ်ကြောင်း သိမြင်နေရပေ လိမ့်မည်။ ဘာသာရေးမျက်နှာဖုံးစွပ်ထားသော အာဏာရှင်ဘက်တော်သားများ အဖြစ်သာ သတ်မှတ် ရပေလိမ့်မည်။ တရားမျှတမှုကြီးစိုးမည့် အနာဂတ်မြန်မာနိုင်ငံတော်သစ်အတွက် စစ်ခေါင်းဆောင်များကဲ့သို့သောရန်စူးရန်ညှောင့်များဖြစ်သည်ဟုသာ တန်ဖိုးဖြတ်ရပေလိမ့်မည်။ ။
မောင်သာမည